(၁၄-၈-၂၀၂၆၊ မာနာဂွါ)
နီကာရာဂွါသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးထွန်းအောင်ကျော်သည် နီကာရာဂွါ နိုင်ငံ၊ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်ရေးရာကောင်စီ၏ Media Coordinator ဖြစ်သူ Mr. Daniel Edmundo Ortega Murillo အား ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်ရေးရာ ကောင်စီ၏ အစည်းအဝေးခန်းမ၌ ၁၄-၈-၂၀၂၆ ရက်၊ နံနက် ၁၀၃၀ နာရီအချိန်တွင် သွားရောက် ဂါရဝပြုတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် သတင်းမှားများနှင့် လုပ်ကြံဖန်တီးထားသည့် သတင်းအချက်အလက် များအား ပူးပေါင်းတိုက်ဖျက်ရေး၊ မှတ်တမ်းရုပ်ရှင်များ၊ ယဉ်ကျေးမှုနှင့် သမိုင်းကြောင်းဆိုင်ရာ ရုပ်သံအစီအစဉ်များ အပြန်အလှန်ဖလှယ်ရေးအပြင် နှစ်နိုင်ငံ သတင်းမီဒီယာလုပ်ငန်း လုပ်ကိုင်သူ များအကြား အတွေ့အကြုံဖလှယ်ရေး စသည့် နှစ်နိုင်ငံမီဒီယာကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ နီကာရာဂွါသမ္မတနိုင်ငံ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့် အပြည်ပြည် ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးဆိုင်ရာ သမ္မတ၏အကြံပေးပုဂ္ဂိုလ် H.E. Mr. Laureano Ortega Murillo နှင့် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်ရေးရာကောင်စီမှ သတင်းမီဒီယာ ကွန်ရက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။



