(၂၃-၀၂-၂၀၂၆ ရက် ၊ ဗန်ကောက်)
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုးသည် ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၌ ကျင်းပသည့် တောမီးလောင်ကျွမ်းမှု ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးသင်တန်းသို့ တက်ရောက်မည့် အဖွဲ့ဝင်(၃၀)ဦးပါ မြန်မာကိုယ်စားလှယ်အဖွဲ့နှင့်အတူ ထိုင်းတပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၊ ဒုတိယပူးတွဲစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ကစ်တီပေါင် ချောင်ဂျိုင်ချွန်နှင့် ၂၃-၂-၂၀၂၆ ရက်နေ့၊ နံနက် ၀၉:၀၀ အချိန်တွင် တွေ့ဆုံဆွေးနွေးမှုပြုခဲ့ပါသည်။
ထိုသို့တွေ့ဆုံစဉ် ထိုင်းတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၊ ဒုတိယပူးတွဲစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ကစ်တီပေါ် ချောင်ဂျိုင်ချွန်က မြန်မာသံအမတ်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ကြိုဆိုအမှာစကားပြောကြားခဲ့ပြီး သင်တန်းတက်ရောက်ခြင်းမှတစ်ဆင့် နှစ်နိုင်ငံ အကြား ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာတိုးတက်လာမည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့ ပါသည်။
ထို့အပြင် နှစ်ဖက်တပ်မတော်အကြီးအကဲတို့ ဆွေးနွေးထားရှိသည့်အတိုင်း မြန်မာ-ထိုင်း တပ်မတော်နှစ်ရပ်အကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံမှု ပိုမိုခိုင်မာစေရေး၊ နယ်စပ်ဖြတ်ကျော် မီးခိုးမြူညစ်ညမ်းမှုနှင့် တောမီးလောင်ကျွမ်းမှု တားဆီးရေးအတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဆောင်ရွက်နိုင်ရေး၊ တောမီးလောင်ကျွမ်းမှုကာကွယ်ရေးနှင့် ထိန်းချုပ်ရေး သင်တန်းမှတစ်ဆင့် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုနှင့် အတွေ့အကြုံဖလှယ်မှုများ ပိုမိုခိုင်မာစေရေးနှင့် သက်ဆိုင်ရာ ကဏ္ဍများဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးဖြစ်ထွန်းနိုင်မှု အလားအလာများကို နှစ်ဖက်မှ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပြောကြားခဲ့ပါသည်။ ထို့နောက် မြန်မာနိုင်ငံကိုယ်စားပြုသင်တန်းသား(၁)ဦးမှ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှု ထိန်းချုပ်ရေး ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံဘက်တွင် နိုင်ငံတော်အဆင့် ချမှတ်ဆောင်ရွက်လျက်ရှိသည့် မူဝါဒများ၊ အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများနှင့် ထိုင်းနိုင်ငံ အပါအဝင် နိုင်ငံတကာပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရှိရပါသည်။



