(၂၄-၄-၂၀၂၆ ရက်၊ အဘူဒါဘီ)
၂၂-၄-၂၀၂၆ ရက် ဗုဒ္ဓဟူးနေ့ ၁၂၃၀ နာရီအချိန်တွင် မြန်မာသံရုံး၊ အဘူဒါဘီမြို့မှ မြန်မာသံအမတ်ကြီး ဦးကျော်ကျော်မင်းသည် အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်နှင့် Ras Al Khaimah ပြည်နယ် အကြီးအကဲ His Highness Sheikh Saud bin Saqr Al Qassimi အား အဘူဒါဘီမြို့ရှိ အာဆီယံသံရုံး အကြီးအကဲများနှင့်အတူ သွားရောက် ဂါရဝပြု တွေ့ဆုံခဲ့ပါသည်။ ထိုသို့ တွေ့ဆုံပြီးနောက် ပြည်နယ် အကြီးအကဲက တည်ခင်းသော နေ့လယ်စာ စားပွဲသို့လည်း အာဆီယံသံရုံးအကြီးအကဲများနှင့်အတူ ပါဝင်တက်ရောက်ခဲ့ပါသည်။
ဂါရဝပြု တွေ့ဆုံစဉ်နှင့် နေ့လယ်စာ သုံးဆောင်စဉ်အတွင်း ပြည်နယ်အကြီးအကဲက Ras Al Khaimah ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုများနှင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများ အနေဖြင့် ယူအေအီးနိုင်ငံ၌ လာရောက် ရင်းနှီးမြှုပ်နှံနိုင်မည့် အခွင့်အလမ်းများကို ဆွေးနွေး ပြောကြားခဲ့ပါသည်။
ယင်းနေ့ အစောပိုင်းတွင် အာဆီယံသံရုံး အကြီးအကဲများအား Ras Al Khaimah ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများနှင့် စပ်လျဉ်း၍ Marjan ကုမ္ပဏီ၊ ၊ Wynn Al Marjan Island project ၊ Ras Al Khaimah ပြည်နယ် ကုန်သည်ကြီးများအသင်းနှင့် Ras Al Khaimah စီးပွားရေးဇုန်တို့မှ တာဝန်ရှိသူများက ရှင်းလင်း တင်ပြခဲ့ကြောင်း သိရှိရပါသည်။



