မြန်မာသံအမတ်ကြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဘွဲ့ခံဆရာတော်ကြီးများအား ဂုဏ်ပြုပွဲအခမ်းအနားသို့ တက်ရောက်(၂၄-၃-၂၀၂၃ ရက်)

(၂၄-၃-၂၀၂၃ ရက်၊ ဒါကာ)

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်မှ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ကို ချီးမြှင့် ဆက်ကပ်ခြင်းခံခဲ့ရသော ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းမြို့၊ ဆာရာဘာဂျာနင် ကျောင်းတိုက်မှ ဆရာတော်ကြီး Prof. Banasree Mahathero  နှင့် အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ကို ချီးမြှင့်ဆက်ကပ်ခြင်းခံခဲ့ရသော ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းမြို့၊ ဗိနာဇုရီရှောရှန် ကျောင်းတိုက်မှ ဆရာတော်ကြီး Dr. Gyanasree Mahastavir  တို့အား ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဗုဒ္ဓဘာသာအသိုက်အဝန်းမှ ထပ်မံ ဂုဏ်ပြုပူဇော်ပွဲအခမ်းအနားကို ၂၄-၃-၂၀၂၃ ရက်နေ့ နံနက်ပိုင်းက ဒါကာမြို့စွန်ရှိ Bodhinna Meditation Centre (Bouddha Vihara) ၌ ကျင်းပခဲ့ရာ မြန်မာသံအမတ်ကြီး ဦးအောင်ကျော်မိုး နှင့် မြန်မာစစ်သံမှူး ဗိုလ်မှူးချုပ် စိုးညွန့်တို့ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားသို့ ဘင်္ဂလားဒေ့ရှ် သာသနာရေးဝန်ကြီးဌာနမှ တွဲဖက်အတွင်းဝန်၊ ထိုင်းသံအမတ်ကြီး၊ တရုတ်သံအမတ်ကြီး၏ ကိုယ်စား ယဉ်ကျေးမှုသံမှူး နှင့် အိန္ဒိယနိုင်ငံမှ ဧည်သည်တော်တစ်ဉီး (Chief Guest) တို့နှင့်အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဗုဒ္ဓဘာသာဝင် အများအပြား တက်ရောက်ခဲ့ကြပြီး အခမ်းအနား၌ မြန်မာသံအမတ်ကြီး၊ ထိုင်းသံအမတ်ကြီးနှင့် တရုတ်ယဉ်ကျေးမှု သံမှူး တို့မှ မိန့်ခွန်းများအသီးသီး ပြောကြားခဲ့ကြပါသည်။ 

အဆိုပါဘွဲ့ခံဆရာတော်ကြီးများ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ဘွဲ့ခံခရီးစဉ် ကြွချီခဲ့စဉ်ကလည်း မြန်မာသံရုံးမှ လေယာဉ်လက်မှတ်စီစဉ်ပေးခြင်း၊ ဒါကာမြို့အပြည်ပြည်ဆိုင်ရာလေဆိပ်၌ (VIP ခန်းမဆောင်၌ ခေတ္တနားနေစေခြင်း) အပါအဝင် ပို့ဆောင်ခြင်း/ ကြိုဆိုခြင်း နှင့် ဒါကာမှ စစ်တကောင်းသို့ အပြန်ခရီး ချောမွေ့အဆင်ပြေရေးအတွက်လည်း လိုအပ်သည်များကို ချိတ်ဆက် ကူညီညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။