ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ဒေါ်အိအိတင်အား ၁၂-၈-၂၀၂၆ ရက်တွင် မနီလာမြို့အခြေစိုက် ကိုလံဘိုစီမံကိန်း ဝန်ထမ်းလေ့ကျင့်ရေးကောလိပ် (Colombo Plan Staff College-CPSC) ၏ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ Suresh Kumar Dhameja က မြန်မာသံရုံးဧည့်ခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။
ထို့သို့တွေ့ဆုံရာတွင် CPSC အနေဖြင့် လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် CPSC အဖွဲ့ဝင်နိုင်ငံများအတွက် အသက်မွေးဝမ်းကျောင်း နည်းပညာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များနှင့် လှုပ်ရှားဆောင်ရွက်မှုများ၊ မြန်မာနိုင်ငံနှင့် ဆောင်ရွက်လျက်ရှိသည့် အစီအစဉ်များနှင့် မြန်မာနိုင်ငံနှင့် CPSC အကြား အနာဂတ်တွင် ဆက်လက်ပူးပေါင်းဆောင်ရွက်လိုသည့် ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ပါသည်။
ကိုလံဘိုစီမံကိန်း ဝန်ထမ်းလေ့ကျင့်ရေးကောလိပ် (Colombo Plan Staff College-CPSC) သည် ကိုလံဘိုစီမံကိန်း အဖွဲ့ဝင်နိုင်ငံများ၏ အသက်မွေးဝမ်းကျောင်းနည်းပညာစနစ်များ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အဆင့်မြှင့်တင်နိုင်ရေးအတွက် ကူညီပံ့ပိုးရန် ရည်ရွယ်၍ ၁၉၇၃ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်တွင် နယူးဇီလန်နိုင်ငံ၊ ဝယ်လင်တန်မြို့၌ ကျင်းပခဲ့သော ကိုလံဘိုစီမံကိန်း၏ (၂၃) ကြိမ်မြောက် အတိုင်ပင်ခံကော်မတီအစည်းအဝေးတွင် ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။ CPSC သည် မြန်မာနိုင်ငံ၏ နည်းပညာနှင့် သက်မွေးပညာရေး (TVET) ကဏ္ဍ အရည်အသွေးမြင့်မားလာစေရန်အတွက် အဓိကလိုအပ်သည့် သင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။


