မြန်မာသံအမတ်ကြီး ဒေါ်အိအိတင် အာဆီယံယဉ်ကျေးမှုစင်တာ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

(၁၁-၈-၂၀၂၆၊ မနီလာ)

​ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ရှိ Metropolitan ဇာတ်ရုံ၌ ၉-၈-၂၀၂၆ ရက်တွင် ကျင်းပပြုလုပ်သည့် အာဆီယံယဉ်ကျေးမှုစင်တာ ဖွင့်ပွဲအခမ်းအနားသို့ မနီလာမြို့၊ မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ဒေါ်အိအိတင် တက်ရောက်ခဲ့ပါသည်။ အဆိုပါဖွင့်ပွဲ အခမ်းအနားသို့ ဖိလစ်ပိုင်သမ္မတ၏ဇနီး Her Excellency Louise Araneta-Marcos နှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ လူမှု-ယဉ်ကျေးမှုအသိုက်အဝန်းဆိုင်ရာ ဒုတိယအတွင်းရေးမှူးချုပ် ဦးစံလွင်တို့က အထူးဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့ပြီး မနီလာအခြေစိုက် အာဆီယံသံရုံးမှ သံအမတ်ကြီးများနှင့် နိုင်ငံခြားသံတမန်များ ပါဝင်တက်ရောက်ခဲ့ပါသည်။
​အဆိုပါဖွင့်ပွဲအခမ်းအနားတွင် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ လူမှု-ယဉ်ကျေးမှုအသိုက်အဝန်းဆိုင်ရာ ဒုတိယအတွင်းရေးမှူးချုပ် ဦးစံလွင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး အာဆီယံယဉ်ကျေးမှုစင်တာအား ဖိလစ်ပိုင်သမ္မတ၏ဇနီး Her Excellency Louise Araneta-Marcos၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ လူမှု-ယဉ်ကျေးမှုအသိုက်အဝန်းဆိုင်ရာ ဒုတိယအတွင်းရေးမှူးချုပ် ဦးစံလွင်နှင့် ဖိလစ်ပိုင်အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာကော်မရှင်ဥက္ကဌ Mr. Eric B. Zerrudo တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။ ယင်းနောက် အာဆီယံနိုင်ငံများမှ ယဉ်ကျေးမှု ရိုးရာအကများဖြင့် ဖျော်ဖြေခဲ့ပြီး တက်ရောက်လာသည့် ဧည့်သည်တော်များအား ညစာဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။
​မနီလာမြို့ရှိ အာဆီယံယဉ်ကျေးမှုစင်တာအား အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ယဉ်ကျေးမှု အနုပညာများကို တစ်နေရာထဲ၌ စုစည်းလေ့လာနိုင်စေရန် ရည်ရွယ်၍ ဖိလစ်ပိုင်အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာကော်မရှင်ကမကထပြု တည်ထောင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံများမှ ယဉ်ကျေးမှု၊ အနုပညာပစ္စည်းများ ပြသထားပါသည်၊