မြန်မာသံအမတ်ကြီးနှင့် အီသီယိုပီးယားနိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်တို့ တွေ့ဆုံ ဆွေးနွေး(၁၅-၅-၂၀၂၆ ၊ အဒစ်အဘာဘာ)

အီသီယိုပီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်မင်းဦးသည် အီသီယိုပီးယား နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့အလယ်ပိုင်း၊ အာရှနှင့် ပစိဖိတ်ရေးရာဌာန၏ ညွှန်ကြားရေးမှူးချုပ် Ambassador Dawano Kedirm အား ၁၅-၅-၂၀၂၆ ရက်တွင် အီသီယိုပီးယားနိုင်ငံခြားရေးဝန်ကြီးဌာန၌ သွားရောက်တွေ့ဆုံခဲ့ပါသည်။
ထိုသို့ တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ဆက်ဆံရေးကို ပိုမိုတိုးတက်ခိုင်မာအောင် ဆောင်ရွက်ရေး၊ နှစ်ဖက်အကျိုးဖြစ်ထွန်းစေမည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးတို့အတွက် ဆွေးနွေးခဲ့ကြပါသည်။ မြန်မာသံအမတ်ကြီးက မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုးတက်မှုအခြေအနေများ၊ မြန်မာအစိုးရ၏ ရည်မှန်းချက်များနှင့် မူဝါဒများ၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ပြီး မြန်မာ-အီသီယိုပီးယား နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်များအား လက်မှတ်ရေးထိုးနိုင်ရေး ဆွေးနွေးခဲ့ပါသည်။ ညွှန်ကြားရေးမှူးချုပ်က နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်သွားရန် အီသီယိုပီးယားနိုင်ငံ၏ ကတိကဝတ်ကို ထပ်လောင်းအတည်ပြုပြောကြားခဲ့သည်။