(၂၉-၉-၂၀၂၅ ရက်၊ အဘူဒါဘီ)
အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်ကျော်မင်းသည် အာဆီယံ-အဘူဒါဘီ ကော်မတီဥက္ကဋ္ဌ၊ ယူအေအီးနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားနိုင်ငံသံအမတ်ကြီး H.E. Husin Bagis ၏ ဖိတ်ကြားချက်အရ ၂၉-၉-၂၀၂၅ ရက် (အင်္ဂါနေ့) ၁၁၀၀ နာရီ၌ ဒူဘိုင်းမြို့တွင် ပြုလုပ်ခဲ့သော ယူအေအီးနိုင်ငံ အစိုးရအဖွဲ့ရေးရာဝန်ကြီးဌာန၊ ယှဉ်ပြိုင်နိုင်စွမ်းနှင့် အတွေ့အကြုံဖလှယ်ရေးဆိုင်ရာ ဒုတိယဝန်ကြီး His Excellency Abdulla Nasser Lootah နှင့် အာဆီယံနိုင်ငံများမှ သံအမတ်ကြီးများ တွေ့ဆုံပွဲသို့ ပါဝင်တက်ရောက်ခဲ့ပါသည်။
တွေ့ဆုံပွဲတွင် ဒုတိယဝန်ကြီးက ယူအေအီးနှင့် အာဆီယံတို့အကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည့်ကိစ္စများ၊ အစိုးရဝန်ထမ်းများ ခေတ်မီတိုးတက်ရေး၊ စွမ်းရည်မြှင့်တင်ရေးနှင့် ကျွမ်းကျင်မှုများဖလှယ်ရေးစသည့် အစီအစဉ်များ ပါဝင်သော UAE Government Experience Exchange Programme ကို မိတ်ဖက်နိုင်ငံပေါင်း ၅၀ နှင့် သဘောတူညီချက်များ လက်မှတ်ရေးထိုး၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများအား ရှင်းလင်းဆွေးနွေးကာ သဘောတူညီချက်လက်မှတ်ရေးထိုးရခြင်း မရှိသေးသည့် အဖွဲ့ဝင်နိုင်ငံများ အနေဖြင့်လည်း ပူးပေါင်းဆောင်ရွက်နိုင်ပါရန် ဖိတ်ခေါ်ခဲ့ပါသည်။
မြန်မာသံအမတ်ကြီးကလည်း ယူအေအီး နိုင်ငံအနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် နှစ်နိုင်ငံချင်းသာမက ဆွေးနွေးဖက်နိုင်ငံအဖြစ် ပူးပေါင်းဆောင်ရွက်လျက်ရှိမှု၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်သွားနိုင်မည့် အလားအလာများ၊ ပူးပေါင်းဆောင်ရွက်မှုများ ယခုထက် ပိုမိုတိုးမြှင့်နိုင်ရန် ဆောင်ရွက်သွားမည့် အခြေအနေများနှင့် အဘူဒါဘီ အခြေစိုက် မြန်မာသံရုံးစတင်ဖွင့်လှစ်ထားမှု အခြေအနေဆိုင်ရာ သတင်းအချက်အလက်များ ပိုမိုမျှဝေပေးနိုင်ရေး ပြောကြားခဲ့ကာ အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြပြီး ဒုတိယဝန်ကြီးက တည်ခင်းဧည့်ခံသော နေ့လယ်စာစားပွဲသို့ အာဆီယံသံအမတ်ကြီးများ နှင့်အတူ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

