မြန်မာသံရုံး ၊ တိုကျိုမြို့တွင် မြန်မာ့ရိုးရာ အစားအစာနှင့် ယဉ်ကျေးမှုနေ့ (Myanmar Cuisine and Culture Day) အခမ်းအနား ကျင်းပ(၂၁-၁၁-၂၀၂၂ရက်)

(၂၁၁၁၂၀၂၂ ရက်၊ တိုကျို)

မြန်မာနိုင်ငံ၏ ရိုးရာယဉ်ကျေးမှု အစဉ်အလာများ၊ မြန်မာ့ရိုးရာ အစားအသောက်များအား ဂျပန်နိုင်ငံသားများနှင့်ဂျပန်နိုင်ငံအခြေစိုက် သံတမန်များအကြား ပိုမိုကျယ်ပြန့်စွာ သိရှိလာစေရေး ရည်ရွယ်ချက်ဖြင့် မြန်မာသံရုံး၊ တိုကျိုမြို့သည် မြန်မာ့ရိုးရာ အစားအစာနှင့် ယဉ်ကျေးမှုနေ့ (Myanmar Cuisine and Culture Day) အခမ်းအနားအား  မြန်မာသံရုံး၊ တိုကျိုမြို့၊ ဧရာဝတီခန်းမကြီး၌ ၁၈၁၁၂၀၂၂ ရက်၊ (၁၀:၀၀) နာရီမှ (၁၃:၀၀) နာရီအထိကျင်းပခဲ့ပါသည်။

အခမ်းအနားသို့ Asia-Pacific Ladies Friendship Society (ALFS) အသင်း ကြီး၏ ဥက္ကဋ္ဌ Mrs. Haruko Komura နှင့် အမှုဆောင်ဒါရိုက်တာများ၊ Tokyo Women’s Club မှ ဒုတိယဥက္ကဋ္ဌများ၊ ဂျပန်နိုင်ငံ အခြေစိုက် သံရုံးများမှသံအမတ်ကြီးများ၏ ဇနီးများ၊ သံတမန်များ၊ အာဆီယံဂျပန် စင်တာ (ASEAN-Japan Center) အတွင်းရေးမှူးချုပ် Dr. Kunihiko Hirabayashi နှင့် ဇနီး၊ ဂျပန်စီးပွားရေးလုပ်ငန်းရှင်များ၊ ချစ်ကြည်ရေး အသင်းများမှ တာဝန်ရှိသူများ၊ ဂျပန်နိုင်ငံ၏ တက္ကသိုလ်အသီးသီးမှ ဂျပန်ကျောင်းသူ ကျောင်းသားများ၊ ဂျပန်နိုင်ငံတွင် ပညာသင်ကြားနေကြသည့် ဝန်ကြီးဌာနအသီးသီးမှ မြန်မာအစိုးရ ပညာတော်သင်များ၊ ဂျပန်နှင့် မြန်မာမိတ်ဆွေ စုစုပေါင်း (၁၅၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ သံအမတ်ကြီး ဦးစိုးဟန်နှင့် ဇနီး ဒေါ်လဲ့လဲ့ဝါတို့မှ ကြိုဆိုနှုတ်ခွန်းဆက်စကားများ ပြောကြားခဲ့ကြပြီးဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ရိုက်ကူးထားသည့် Friendly Myanmar ဗွီဒီယိုနှင့် မြန်မာ့ရိုးရာမုန့်ဟင်းခါး ချက်ပြုတ်ခြင်း ဗွီဒီယိုများအား ပြသခဲ့ပါသည်။

ဆက်လက်၍ မြန်မာသံရုံး အမျိုးသမီးဝန်ထမ်းများမှမင်္ဂလာပါအကဖြင့် ကပြ ဖျော်ဖြေခြင်း၊ ဂျပန်နိုင်ငံရှိManjushaka အကအဖွဲ့မှ အကပညာရှင်များ ကပြ ဖျော်ဖြေခြင်းနှင့် မြန်မာ့စောင်း တူရိယာ တီးခတ်မှုများဖြင့် တင်ဆက်ပြသခဲ့ပါသည်။ ဆက်လက်၍ ယဉ်ကျေးမှုအကများဖြင့် ဖျော်ဖြေခဲ့ကြသူများအား ဂုဏ်ပြုပန်းခြင်းများကိုသံအမတ်ကြီး ဦးစိုးဟန်နှင့် ဇနီး၊ ဂျပန်နိုင်ငံ အခြေစိုက် နိုင်ငံခြားသံရုံးများ၏ နာယက ဖြစ်သူ ဆန်မာရီနိုသံအမတ်ကြီး၏ ဇနီး ASEAN-Japan Center အတွင်းရေးမှူးချုပ် Dr. Kunihiko Hirabayashi နှင့် ဇနီးတို့မှအသီးသီးပေးအပ်ခဲ့ကြပါသည်။ ထို့နောက် တက်ရောက်လာကြသည့် ဧည့်သည်တော်များအား မြန်မာ့ရိုးရာအစားအစာများ ဖြစ်သည့် မုန့်ဟင်းခါး၊ လက်ဖက်သုပ်၊ မြန်မာ့ရိုးရာ မုန့်မျိုးစုံနှင့် မြန်မာကော်ဖီတို့ဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး အခမ်းအနားအား (၁၃:၀၀) နာရီတွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။