မြန်မာသံရုံး၊ ဆိုးလ်မှ သံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ဦးမျိုးမြင့်မောင်သည် မြန်မာစစ်သံမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် ဝင့်သူနှင့်အတူ ၁၄-၇-၂၀၂၆ ရက်နေ့၊ နံနက်ပိုင်းတွင် ကိုရီးယားသမ္မတနိုင်ငံ၊ ဆယ်ဂျုံးမြို့ရှိ S.J.Bio စက်ရုံသို့ သွားရောက်လေ့လာခဲ့ပြီး အဆိုပါစက်ရုံတွင် လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသား (၅၀) ကျော်အား လုပ်ငန်းခွင်တွင် သွားရောက်တွေ့ဆုံကာ နေ့လယ်စာအတူ သုံးဆောင်ခဲ့ကြသည်။
S.J. Bio Co., Ltd. ၏ CEO Mr. Shin Hang-cheol က သံရုံးယာယီတာဝန်ခံ/သံအမတ်ကြီးနှင့်အဖွဲ့အား ကြိုဆိုနှုတ်ဆက်ကာ အစည်းအဝေးခန်းမတွင် ကုမ္ပဏီနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး စက်ရုံအတွင်း ကုန်ပစ္စည်းထုတ်လုပ်နေမှုများကို လိုက်လံရှင်းလင်း ပြသခဲ့ပါသည်။
ယင်းနောက် စက်ရုံရှိမြန်မာအလုပ်သမားများနှင့် နေ့လယ်စာ အတူသုံးဆောင်ချိန်အတွင်း သံရုံးယာယီတာဝန်ခံ/သံအမတ်ကြီးက မြန်မာသံရုံး၊ စစ်သံရုံးနှင့် မြန်မာအလုပ်သမားများ ယခုကဲ့သို့ အတူတကွတွေ့ဆုံရခြင်းသည် မိမိတို့အားလုံး တစ်သားတည်းရှိကြောင်းကို ပြသခြင်းဖြစ်ပါကြောင်း၊ မိမိအနေဖြင့် ကိုရီးယားနိုင်ငံသို့ ရောက်ရှိသည့် မြန်မာနိုင်ငံသားများကိုလည်း ထိတွေ့မှုရရန် အမြဲလုပ်ဆောင်လေ့ရှိပါကြောင်း၊ မြန်မာသံရုံးအနေဖြင့်လည်း အလုပ်သမားများ၏ သာရေး၊ နာရေးကိစ္စရပ်များတွင်လည်း ကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လုပ်ငန်းခွင်ကို လေ့လာကြည့်ချိန်တွင် မိမိကိုတန်ဖိုးထားသော လုပ်ငန်းခွင်ဟု ခံစားရပါကြောင်း၊ မြန်မာနိုင်ငံသားများ၏ ကြိုးစားမှု၊ တတ်ကျွမ်းလွယ်မှု၊ စည်းကမ်းကောင်းမှုတို့ကို ကုမ္ပဏီ CEO က မိမိကို ပြောပြပါကြောင်း၊ ယင်းဂုဏ်သတင်းများကို သူ့အနေဖြင့် တန်ဖိုးထားပြီး တိုးချဲ့မည့် လုပ်ငန်းများတွင် မြန်မာအလုပ်သမားများ ထပ်မံတိုးမြှင့်ခေါ်ယူသွားလိုကြောင်း သိရှိရသည့်အတွက် အခွင့်အလမ်းရှိသောနေရာတစ်ခုဟု သတ်မှတ်နိုင်ပါကြောင်း၊ ထိုသို့ရရှိသော အခွင့်အလမ်းကို အခွင့်အရေးအဖြစ် ကောင်းမွန်စွာ အသုံးချနိုင်ရန် လိုအပ်ပါကြောင်း၊ မူလရည်မှန်းချက် အောင်မြင်ရန်အတွက် ကျန်းမာရေး၊ ဘေးကင်းလုံခြုံရေးကို ဂရုစိုက်စေလိုပါကြောင်း၊ နှစ်နိုင်ငံတည်ဆဲဥပဒေများကို လေးစားလိုက်နာရန်နှင့် ကျန်ရစ်သောမိသားစုနှင့်လည်း ထိတွေ့ဆက်ဆံမှုကို အမြဲထားရှိရန် လိုအပ်ပါကြောင်း၊ မြန်မာသံရုံးကို မိမိတို့၏ ဒုတိယမိသားစုအဖြစ်မှတ်ယူပြီး လိုအပ်သည်များ ဆက်သွယ်ဆောင်ရွက်နိုင်ပါကြောင်း စသည်ဖြင့် ပြောကြားခဲ့ပါသည်။
၎င်းနောက် ကုမ္ပဏီ CEO က မြန်မာနိုင်ငံသားများအနက် ထူးချွန်သည့် ဝန်ထမ်း (၃) ဦးကို ဂုဏ်ပြုဆုချီးမြှင့်ခဲ့ပြီး မြန်မာသံရုံးနှင့်စစ်သံရုံးတို့၏ မေတ္တာလက်ဆောင် မြန်မာအစားအစာများကို အလုပ်သမားများထံ တစ်ဦးချင်းစီအတွက် ပေးအပ်ခဲ့ပါသည်။
S.J. Bio ကုမ္ပဏီသည် ၂၀၂၄ ခုနှစ်မှစတင်၍ ဂျပန်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့သို့ အလှကုန်ပစ္စည်းများကို တင်ပို့နိုင်ခဲ့ပြီး လက်ရှိအချိန်တွင် တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံသို့ တင်ပို့မှုအများဆုံး ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ အာရှဈေးကွက်သို့ ဝင်ရောက်ရာတွင် မြန်မာနိုင်ငံနှင့် အဓိကလုပ်ဆောင်ရန် ရည်မှန်းထားကြောင်း၊ ၎င်းတို့ကုမ္ပဏီသည် ကိုရီးယားနိုင်ငံ၏ နံပါတ် (၁) အလှကုန်ပစ္စည်း ထုတ်လုပ်သည့် Kolmar ပစ္စည်းများကို ဒုတိယအများဆုံး ထုတ်လုပ်ပေးသည့် ကုမ္ပဏီလည်းဖြစ်ပြီး ကိုယ်တိုင် Brand များကိုလည်း ထုတ်လုပ်ဖြန့်ချိလျက်ရှိကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် Mask ကို စတင်ထုတ်လုပ်ခဲ့ပြီး ကိုဗစ်ကပ်ရောဂါဖြစ်ပွားချိန်တွင် မြန်မာနိုင်ငံသို့ ဝမ်သိန်း ၁၀၀၀ ဝန်းကျင်တန်ဖိုးရှိသော Mask များကိုလည်း လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။ မြန်မာလူမျိုးများ၏ ကြိုးစားမှု၊ ရိုးသားမှု၊ လေ့လာအားကောင်းမှု၊ တတ်ကျွမ်းလွယ်မှု စသည့်အရည်အချင်းများကို အသိအမှတ်ပြုပြီး လက်ရှိအချိန်တွင် စက်ရုံ၌ မြန်မာအလုပ်သမား (၅၀) ကျော်ခန့်အပ်ထားရှိကာ ထပ်မံခန့်သွားရန်လည်း လုပ်ဆောင်လျက်ရှိကြောင်းနှင့် အလုပ်သမားများအတွက် ရပိုင်ခွင့်များကိုလည်း တည်ဆဲအလုပ်သမား ဥပဒေများနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။




