မြန်မာသံရုံး၏ အလှည့်ကျဥက္ကဋ္ဌသက်တမ်းကာလအတွင်း တတိယအကြိမ် အာဆီယံ-ဘရပ်ဆဲလ်ကော်မတီ အစည်းအဝေးကျင်းပခဲ့ခြင်းနှင့် ဘရပ်ဆဲလ်မြို့၊ ဖိလစ်ပိုင်သံရုံးသို့ အလှည့်ကျဥက္ကဋ္ဌ တာဝန်လွှဲပြောင်း ပေးအပ်ခြင်းအခမ်းအနား ကျင်းပခဲ့ခြင်း

(၂၄-၁၂-၂၀၁၉၊ ဘရပ်ဆဲလ်မြို့)

မြန်မာသံရုံးအနေဖြင့် ၂၀၁၉ ဇူလိုင်လမှ ဒီဇင်ဘာလအထိ အာဆီယံ-ဘရပ်ဆဲလ်ကော်မတီ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ် ကာလအတွင်း တတိယအကြိမ် အာဆီယံ-ဘရပ်ဆဲလ်ကော်မတီ (ASEAN Brussels Committee-ABC) အစည်းအဝေးကို ၁၉-၁၂-၂၀၁၉ ရက်၊ နံနက်ပိုင်းတွင် ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့ရှိ Tangla Hotel ၌ ကျင်းပခဲ့ရာ ဥရောပသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးလင်းဟန်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ အာဆီယံ-ဘရပ်ဆဲလ်ကော်မတီဝင် ဘရပ်ဆဲလ်အခြေစိုက် အာဆီယံသံရုံးများမှ သံအမတ်ကြီးများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါအစည်းအဝေး၌ မြန်မာသံအမတ်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ၌ မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက တင်သွင်းခဲ့သည့် အမှုကိစ္စနှင့်စပ်လျဉ်း၍ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုအခြေအနေများနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ နယ်သာလန်ခရီးစဉ်အပြီး ရှေ့ဆက် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို အကျဉ်းချုပ်အသိပေး ပြောကြားခဲ့ပါသည်။ ယင်းနောက် အစည်းအဝေးအစီအစဉ်အရ အာဆီယံနှင့် အီးယူအကြား အဓိက ပူးပေါင်းဆောင်ရွက်နေသည့် ကိစ္စရပ်များနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံချင်းနှင့် အီးယူအကြား နှစ်ဖက်ဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များအပေါ် တက်ရောက်လာသူများမှ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။

ထို့နောက်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ကို မြန်မာသံရုံးမှ ဖိလစ်ပိုင်သံရုံးသို့ လွှဲပြောင်းပေးအပ်သည့် အခမ်းအနားကို ဆက်လက်ကျင်းပခဲ့ပြီးနောက် တက်ရောက်လာသူများအား အလုပ်သဘော နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရှိရပါသည်။