(၂၀-၁-၂၀၂၆၊ ဟနွိုင်း)
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကို မြန်မာသံရုံး၊ ဟနွိုင်းမြို့မှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်၊ ၁၈၃၀ နာရီမှ ၂၀၃၀ နာရီအထိ ဟနွိုင်းမြို့ရှိ Melia Hotel ၌ အောင်မြင်စွာ စီစဉ်ကျင်းပခဲ့ပါသည်။
အဆိုပါ ဧည့်ခံပွဲအခမ်းအနားသို့ ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ South East Asia, South Asia, South Pacific Department ၏ Director-General H.E. Mr. Nguyen Tat Thanh က အဓိကဧည့်သည်တော်အဖြစ် တက်ရောက်၍ ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အစိုးရ ဝန်ကြီးဌာနများမှ အရာရှိကြီးများ၊ ဟနွိုင်းမြို့အခြေစိုက် အာဆီယံနိုင်ငံသံရုံးများအပါအဝင် ပြည်ပ သံရုံးများမှ သံအမတ်ကြီးများနှင့် သံရုံးယာယီတာဝန်ခံများ၊ သံတမန်များ၊ စစ်သံမှူးများ၊ ဗီယက်နမ်-မြန်မာ ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများ၊ ဗီယက်နမ်စီးပွားရေး လုပ်ငန်းရှင်များ၊ မြန်မာစစ်သံမှူးနှင့် စစ်သံရုံးဝန်ထမ်းမိသားစုများ၊ ဗီယက်နမ်နိုင်ငံရှိ မြန်မာနိုင်ငံသားများနှင့် ပညာသင်များအပါအဝင် ဧည့်သည်တော် (၁၇၀) ကျော် ပါဝင်တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားအား နှစ်နိုင်ငံအလံများကို ဦးစွာအလေးပြု ဖွင့်လှစ်ခဲ့ပြီးနောက် သံရုံးယာယီ တာဝန်ခံ/ သံအမတ်ကြီး ဦးဝေလင်းနှင့် Director-General H.E. Mr. Nguyen Tat Thanh တို့က မြန်မာ့လွတ်လပ်ရေးသမိုင်းကြောင်းကို ဖော်ညွှန်းကာ နှစ်နိုင်ငံဆက်ဆံရေး မြှင့်တင်ရေးနှင့်စပ်လျဉ်း ၍ မိန့်ခွန်းများ အသီးသီးပြောကြားခဲ့ပြီး၊ မိန့်ခွန်းပြောကြားစဉ် သံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီးမှ မြန်မာနိုင်ငံ၌ ရွေးကောက်ပွဲ ကျင်းပပြုလုပ်နေမှုအခြေအနေများကို ထည့်သွင်းပြောကြားခဲ့ပါသည်။
ထို့နောက်အခမ်းအနားသို့ တက်ရောက်လာသူများအား မြန်မာ့ရိုးရာအစားအစာများပါဝင် သည့် ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံ၍ မြန်မာ့ခရီးသွားလုပ်ငန်းမြှင့်တင်ရေးဗီဒီယိုများ ပြသခဲ့ကြောင်းသိရှိရပါ သည်။




