မြန်မာသံရုံး၊ ဝါရှင်တန်မြို့က မြန်မာ့ရိုးရာ ယဉ်ကျေးမှုအမွေအနှစ်ဖြစ်သည့် ယွန်းထည် မိတ်ဆက်သည့်အခမ်းအနား ကျင်းပ

(၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်၊ ဝါရှင်တန်ဒီစီ)

မြန်မာသံရုံး၊ ဝါရှင်တန်မြို့သည် အာဆီယံအမျိုးသမီးအသင်း (ASEAN Spouses’ Circle – ASC) ၏ လှုပ်ရှားမှုအစီအစဉ်တစ်ရပ်အဖြစ် မြန်မာ့ရိုးရာ ယဉ်ကျေးမှုအမွေအနှစ်ဖြစ်သည့် ယွန်းထည်ပစ္စည်းများ မိတ်ဆက်သည့် “A Touch of Myanmar Heritage: Making Lacquer Bead Necklaces & Bracelets” အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်တွင် မြန်မာသံရုံး၊ ဝါရှင်တန်မြို့၌ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ဝါရှင်တန်ဒီစီမြို့ရှိ အာဆီယံ သံရုံးများမှ သံအမတ်ကြီးများ၏ ဇနီးများ၊ သံတမန်များ၊ အာဆီယံအမျိုးသမီးအသင်းအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များပါဝင်တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနား၌ ယွန်းထည်ပစ္စည်းများကို ခင်းကျင်းပြသခြင်း၊ မြန်မာ့ယွန်းထည်နှင့် ပတ်သက်၍ ရှင်းလင်းမိတ်ဆက်ခြင်း၊ ယွန်းပုတီးနှင့် လက်ပတ်များပြုလုပ်မှုကို သရုပ်ပြသခြင်းတို့ကို ပြုလုပ်ခဲ့ပြီး၊ ဧည့်သည်တော်များအား မြန်မာပတ္တလားဖြင့် တီးခတ်ဖျော်ဖြေခဲ့ကာ မြန်မာ့ ရိုးရာစားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။