မြန်မာသံရုံး၊ လန်ဒန်မြို့၌ အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေးနှင့်ဇီဝသိပ္ပံဗဟိုဌာန (CABI) နှင့် လန်ဒန်မြို့အခြေစိုက်သံရုံးများ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့ခြင်း

(၁၇-၇-၂၀၂၆၊ လန်ဒန်)

မြန်မာသံရုံး၊ လန်ဒန်မြို့မှဦးဆောင်၍ အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေးနှင့်ဇီဝသိပ္ပံဗဟိုဌာန (Center for Agriculture and Bioscience International – CABI) နှင့် လန်ဒန်မြို့အခြေစိုက်သံရုံးများ တွေ့ဆုံဆွေးနွေးပွဲကို ၁၆-၇-၂၀၂၆ ရက်နေ့ မွန်းလွဲပိုင်းတွင် မြန်မာသံရုံး၊ လန်ဒန်မြို့၌ ကျင်းပခဲ့ရာ၊ လန်ဒန်မြို့အခြေစိုက် နိုင်ငံတကာသံရုံးများမှ သံရုံးအကြီးအကဲများနှင့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါသည်။

ဆွေးနွေးပွဲတွင် သံရုံးယာယီတာဝန်ခံ၊ ဦးဝင်းဇေယျာထွန်းက အဖွင့်အမှာစကားပြောကြားရာတွင် စိုက်ပျိုးရေးကဏ္ဍသည် နိုင်ငံတိုင်း၏စားနပ်ရိက္ခာဖူလုံရေး (Food Security) နှင့် နိုင်ငံ၏စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသောကဏ္ဍဖြစ်ပါကြောင်း၊ လက်ရှိကမ္ဘာ့နိုင်ငံများသည် ရာသီဥတုပြောင်းလဲမှု၏ အကျိုးဆက်များ၊ ပြည်တွင်းနှင့် နိုင်ငံဖြတ်ကျော်သီးနှံဖျက်ပိုးကျရောက်မှု၊ သီးနှံရောဂါများစသည့် စိန်ခေါ်မှုများကို ရင်ဆိုင်နေရကြောင်း၊ အပင်သီးနှံ-တိရိစ္ဆာန်-လူ ကျန်းမာရေးဆက်စပ်မှု (One Health) ကိစ္စရပ်သည်လည်း အလေးထားရမည့်ကိစ္စရပ်ဖြစ်လာကြောင်း၊ ဤအခြေအနေတွင် ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် သုတေသနနှင့်နည်းပညာ အကူအညီများ ရရှိရေးသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအရေးကြီးလာပါကြောင်း၊ ဤကိစ္စရပ်များတွင် CABI အနေဖြင့် နည်းပညာပိုင်းအရ ထိရောက်စွာကူညီနိုင်ပါကြောင်း၊ မြန်မာနိုင်ငံသည် တောင်သူလယ်သမားပြည်သူများ စိုက်ပျိုးရေးအသိပညာ၊ အတတ်ပညာများရရှိရေး၊ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၁၉၉၃ ခုနှစ်မှစတင်၍ CABI နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း စသည်ဖြင့် ပြောကြားခဲ့ပါသည်။

ဆက်လက်၍ CABI အမှုဆောင်အရာရှိချုပ် Dr. Daniel Elger မှ CABI ၏ မဟာဗျူဟာနှင့် ရည်မှန်းချက်များအားလည်းကောင်း၊ ညွှန်ကြားရေးမှူး Dr. Qiaoqiao Zhang က အဖွဲ့ဝင်နိုင်ငံများအား အကူအညီပေးအပ်နေမှုများနှင့် ပူးပေါင်းဆောင်ရွက်မှု အခြေအနေများအားလည်းကောင်း၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဌာနမှ Mrs. Srijita Dasgupta က တောင်နှင့်အရှေ့တောင်အာရှတွင် ဆောင်ရွက်လျက်ရှိသည့် CABI စီမံကိန်းများနှင့် စိုက်ပျိုးရေးဆိုင်ရာနည်းပညာများ ဖြန့်ဝေသည့် Plantwise-Plus အစီအစဉ်နှင့် ဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် သံတမန်များမှ သိရှိလိုသည်များကို မေးမြန်းခဲ့မှုအပေါ် CABI မှ တာဝန်ရှိသူများက ဖြေကြားဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပါသည်။

ထို့ပြင် မြန်မာတောင်သူများအတွက် အထောက်အကူပြုမည့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားရန် မြန်မာသံရုံးနှင့် CABI အကြား သီးခြားဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။