မြန်မာသံရုံး၊ လန်ဒန်မြို့၏ သံရုံးယာယီတာဝန်ခံ/ သံအမတ် ဦးဝင်းဇေယျာထွန်းသည် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက် ညနေပိုင်းတွင် လန်ဒန်မြို့ရှိ Kimpton Fitzroy ဟိုတယ်၌ ကျင်းပခဲ့သည့် အာဆီယံ-လန်ဒန်ကော်မတီ (ASEAN-London Committee – ALC) အစည်း အဝေး (၄/၂၀၂၆) ကို တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် အာဆီယံ-လန်ဒန်ကော်မတီ အလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယား သံအမတ်ကြီး H.E. Ms. Panha Tuot က ဦးဆောင်၍ အာဆီယံ-လန်ဒန်ကော်မတီမှ ဆောင်ရွက် ပြီးသည့် လုပ်ငန်းစဉ်များကို ပြန်လည်သုံးသပ်ခြင်း၊ ဆက်လက်ဆောင်ရွက်ရန်ရှိသည့် ပူးပေါင်း ဆောင်ရွက်မှုအစီအစဉ်များကို ဆွေးနွေးခြင်း၊ ၂၀၂၆ ခုနှစ် ဒုတိယခြောက်လတွင် အာဆီယံ-လန်ဒန်ကော်မတီ၏ ဥက္ကဋ္ဌ လွှဲပြောင်းမည့်ကိစ္စအပြင် အာဆီယံ-လန်ဒန်ကော်မတီနှင့် ဗြိတိန် နိုင်ငံတို့အကြား ဆက်ဆံရေးတိုးမြှင့်ဆောင်ရွက်မှုအခြေအနေများအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။ မြန်မာသံရုံးယာယီတာဝန်ခံမှ မြန်မာနိုင်ငံ၏ ဒီမိုကရေစီလုပ်ငန်းစဉ်၊ အစိုးရအသစ်ဖွဲ့စည်းမှုနှင့် ငြိမ်းချမ်းစွာဆွေးနွေးဖြေရှင်းရေးအတွက်ဖိတ်ခေါ်မှုများ အပါအဝင် ဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် လန်ဒန်မြို့ရှိ The Coalition for Epidemic Preparedness Innovations (CEPI) ကုမ္ပဏီမှ အကြီးတန်းအမှုဆောင်အရာရှိ Ms. Aurélia Nguyen မှ ၎င်းတို့ကုမ္ပဏီမှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာ ကြသည့် သံရုံးအကြီးအကဲများနှင့် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။


