မြန်မာသံရုံး၊ လန်ဒန်မြို့၏ သံရုံးယာယီတာဝန်ခံ/သံအမတ် ဦးဝင်းဇေယျာထွန်း သည် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက် ညနေပိုင်းတွင် လန်ဒန်မြို့ရှိ ထိုင်းသံရုံး၌ ကျင်းပသည့် အာဆီယံ-လန်ဒန်ကော်မတီ (ASEAN-London Committee – ALC) အစည်းအဝေး (၆/၂၀၂၆) ကို တက်ရောက်ခဲ့သည်။
အစည်းအဝေးတွင် အာဆီယံ-လန်ဒန်ကော်မတီ အလှည့်ကျဥက္ကဋ္ဌ ဗြိတိန်နိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားသံအမတ်ကြီး H.E. Ms. Panha Tuot က ၂၀၂၆ ခုနှစ်၊ ပထမ (၆) လအတွင်း အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်စဉ် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများ၊ ဆောင်ရွက်ရန် ကျန်ရှိသည့်လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ဗြိတိန်နိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး H.E. Mr. Nadhavathna Krishnamra ထံသို့ အလှည့်ကျဥက္ကဋ္ဌတာဝန် လွှဲပြောင်းခဲ့သည်။
ထိုင်းသံအမတ်ကြီးက ၎င်းအနေဖြင့် အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူမည့်ကာလတွင် ဆောင်ရွက်သွားမည့် လုပ်ငန်းများအား ပြောကြားခဲ့ပြီး အာဆီယံ-လန်ဒန်ကော်မတီနှင့် ဗြိတိန်နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ ယင်းနောက် ဖိလစ်ပိုင်သံအမတ်ကြီး H.E. Mr. Teodoro L. Locsin Jr. မှလည်း ဖိလစ်ပိုင်နိုင်ငံအနေဖြင့် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ မြန်မာသံရုံးယာယီတာဝန်ခံမှ နိုင်ငံတော်ခရီးစဉ်များ၊ ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်များ၊ အာဆီယံနှင့်ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများအပါအဝင် မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုများကို ရှင်းလင်းပြောကြားခဲ့သည်။


