(၅-၂-၂၀၂၆ ရက်၊ ရီရတ်ဒ်)
မြန်မာသံရုံး၊ ရီရတ်ဒ်မြို့သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်၊ ၁၉၀၀ နာရီမှ ၂၁၀၀ နာရီအထိ ရီရတ်ဒ်မြို့ Diplomatic Quarter ရှိ Cultural Palace ၌ အောင်မြင်စွာ စီစဉ်ကျင်းပခဲ့ပါသည်။ ဧည့်ခံပွဲအခမ်းအနားသို့ ရီရတ်ဒ်ဒေသ ဘုရင့်အုပ်ချုပ်ရေးအဖွဲ့၏ အမြဲတမ်းအတွင်းဝန် His Highness Dr. Faisal bin Abdulaziz က အဓိက ဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့ပြီး၊ ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာနနှင့် အစိုးရဝန်ကြီးဌာနများမှ အရာရှိကြီးများ၊ ရီရတ်ဒ်မြို့အခြေစိုက် အာဆီယံနိုင်ငံသံရုံးများ အပါအဝင် ပြည်ပသံရုံးများမှ သံအမတ်ကြီးများနှင့် သံရုံးယာယီတာဝန်ခံများ၊ သံတမန်များ၊ စစ်သံမှူးများ၊ ဆော်ဒီနှင့်မြန်မာစီးပွားရေး လုပ်ငန်းရှင်များ၊ ဆော်ဒီနိုင်ငံရှိ မြန်မာနိုင်ငံသားများ အပါအဝင် ဧည့်သည်တော် (၂၀၀) ကျော် ပါဝင်တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားအား နှစ်နိုင်ငံနိုင်ငံတော်သီချင်းများဖြင့် အလေးပြု ဖွင့်လှစ်ခဲ့ပြီးနောက် ဆော်ဒီအာရေဗျနိုင်ငံဆိုင်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီး ဦးနေမျိုးဦး က မြန်မာ့လွတ်လပ်ရေးသမိုင်းကြောင်း၊ မြန်မာ-ဆော်ဒီနှစ်နိုင်ငံဆက်ဆံရေးသမိုင်းကြောင်းနှင့် မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုများ၊ ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်ခဲ့မှုများနှင့်စပ်လျဉ်း၍ မိန့်ခွန်းပြောကြားခဲ့ပြီး အခမ်းအနား ကိတ်မုန့်ကို အဓိကဧည့်တော်နှင့်အတူ လှီးဖြတ်ခဲ့ပါသည်။ တက်ရောက်လာသည့် ဧည့်ပရိတ်သတ်များအား မြန်မာနိုင်ငံ၏ တိုင်းရင်းသား လူမျိုးများ၏ ရိုးရာယဉ်ကျေးမှု၊ အထင်ကရ ခရီးသွားရှုခင်းအလှနေရာများကို ဖော်ညွှန်းပြသသည့် ဗီဒီယိုကိုလည်း ပြသခဲ့ပြီး၊ အခမ်းအနားသို့ တက်ရောက်လာသူများအား မြန်မာ့ရိုးရာအစားအစာများ အပါအဝင် ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရှိရပါသည်။



