(၂၂-၈-၂၀၂၆၊ ဘရပ်ဆဲလ်)
အာဆီယံ-ဘရပ်ဆဲလ်ကော်မတီ (ASEAN-Brussels Committee–ABC) က ကြီးမှူး၍ (၅၉) နှစ်မြောက် အာဆီယံနေ့အထိမ်းအမှတ်အဖြစ် ASEAN Family Day 2026 အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၂ ရက်နေ့တွင် ဘရပ်ဆဲလ်မြို့၊ Machelen ရှိ Garrincha Padel Club ၌ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့မှ သံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ဒေါက်တာခင်သီတာအေး ဦးဆောင်သည့် မြန်မာသံရုံးဝန်ထမ်းများနှင့် မိသားစုဝင်များ ပါဝင်တက်ရောက်ဆင်နွှဲခဲ့ပါသည်။ အခမ်းအနားသို့ အာဆီယံသံရုံးများမှ သံအမတ်ကြီးများ၊ သံတမန်များနှင့် မိသားစုဝင်များ၊ ဥရောပသမဂ္ဂပြင်ပဆက်ဆံရေးဌာန (European External Action Service-EEAS) အပါအဝင် ဥရောပသမဂ္ဂမှ ဖိတ်ကြားထားသည့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါ ASEAN Family Day 2026 အခမ်းအနားတွင် သက်ဆိုင်ရာ ရိုးရာအစားအစာများဖြင့် တည်ခင်းဧည့်ခံခဲ့ရာ မြန်မာသံရုံးမှ မြန်မာ့ရိုးရာစားသောက်ဖွယ်ရာများဖြင့် ပါဝင်တည်ခင်းဧည့်ခံခဲ့ပြီး အာဆီယံမိသားစုများအကြား ချစ်ကြည်ရင်းနှီးမှု၊ စည်းလုံးညီညွတ်မှုနှင့် ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုများ ပိုမိုတိုးမြှင့်ခိုင်မာစေရန်ရည်ရွယ်၍ ကျင်းပသည့် အားကစားပြိုင်ပွဲများတွင် မြန်မာသံရုံးမှ တက်ကြွစွာ ပါဝင်ဆင်နွှဲခဲ့ပါသည်။



