(၇-၁၁-၂၀၂၅ ရက်၊ ဗီယင်ကျန်း)
မြန်မာသံရုံး၊ ဗီယင်ကျန်းမြို့တွင် အထပ်(၃)ထပ်ပါ မြန်မာသံရုံးအဆောက်အအုံ သစ်နှင့် အထပ်(၄)ထပ်ပါသံရုံးဝန်ထမ်းအိမ်ရာတည်ဆောက်ရေး ပန္နက်တင်မင်္ဂလာ အခမ်း အနားအား ယနေ့ ၆-၁၁-၂၀၂၅ ရက်၊ ကြာသပတေးနေ့၊ နံနက် (၀၉၀၀) နာရီတွင် မြန်မာ သံရုံးဝန်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ လာအိုနိုင်ငံခြားရေးဝန်ကြီးဌာန၊ Diplomatic Service Bureau မှ ညွှန်ကြားရေးမှူးချုပ် Mr. Kanya Khammoungkhoun နှင့် အာရှ-ပစိဖိတ်နှင့် အာဖရိကဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Sanaphay Soukhasavanh နှင့် မြန်မာနိုင်ငံဆိုင်ရာ တာဝန်ခံအရာရှိ Mrs. Keoviengphenh SIHAPHOM၊ ပြည်သူ့ဆောက် လုပ်ရေးနှင့် သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန၊ မြိုပြနှင့် အိုးအိမ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး Mr. Sonepaseth Phothisan၊ သံရုံးတည်ရှိရာ Sisattnak ခရိုင်အုပ်ချုပ်ရေး မှူးနှင့် ခရိုင်ပြည်သူ့ဆောက်လုပ်ရေးမှူး၊ လာအိုနိုင်ငံခြားရေးဝန်ကြီးဌာနနှင့် မြိုပြနှင့် အိုးအိမ် စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဗီယင်ကျန်းမြို့ရှိ ဗန်ကောက်ဘဏ်မှ ဘဏ်ခွဲမန်နေ ဂျာ၊ အရည်အသွေးစစ်ဆေးရေးကုမ္ပဏီ Chittakone Architectural Design and Construction Consultant Company ၊ အခြား ဖိတ်ကြားထားသူများနှင့် သံရုံးနှင့် မြန်မာ စစ်သံရုံးတို့မှ ဝန်ထမ်းများ တက်ရောက်ခဲ့သည်။
အခမ်းအနားအစီအစဉ်အရ လာအိုနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်ကိုက အဖွင့်မိန့်ခွန်း ဦးစွာပြောကြားခဲ့သည်။ ထို့နောက် လာအိုနိုင်ငံခြားရေးဝန်ကြီးဌာန၊ Diplomatic Service Bureau မှ ညွှန်ကြားရေးမှူးချုပ် Mr. Kanya KHAMMOUNGKHOUN က ဂုဏ်ပြု အမှာစကား ပြောကြားခြင်း နှင့် ဆောက်လုပ်ရေးကုမ္ပဏီ Misouk Construction & Decoration Sole Co., Ltd ၏ ဥက္ကဋ္ဌဖြစ်သူ Mr. Yang Xi က ကျေးဇူးတင်စကား ပြောကြားခဲ့ကြသည်။ ဆက်လက်၍ မြန်မာသံအမတ်ကြီး ဦးအောင်ကို၊ လာအိုနိုင်ငံခြားရေး ဝန်ကြီးဌာန၊ Diplomatic Service Bureau မှ ညွှန်ကြားရေးမှူးချုပ် Mr. Kanya KHAMMOUNGKHOUN၊ ပြည်သူ့ဆောက်လုပ်ရေးနှင့် သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန၊ မြိုပြနှင့် အိုးအိမ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး Mr. Sonepaseth Phothisan၊ မြန်မာစစ်သံမှူး(ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ်ခင်မောင်စိုးနှင့် ဆောက်လုပ်ရေးကုမ္ပဏီ Misouk Construction & Decoration Sole Co., Ltd ၏ ဥက္ကဋ္ဌဖြစ်သူ Mr. Yang Xi တို့က ပန္နက်တင်မင်္ဂလာအခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။ ထို့နောက် အထပ်(၃)ထပ်ပါ မြန်မာသံရုံးအဆောက်အဦသစ်နှင့် အထပ်(၄)ထပ်ပါ သံရုံးဝန်ထမ်းအိမ်ရာအား ပန္နက်ရိုက် ခြင်းအစီအစဉ်ကို ပြုလုပ်ခဲ့ပြီး လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့ရှိ Vat Sri Amphone ဘုန်းတော်ကြီးကျောင်းမှ ဆရာတော်ဘုရားကြီး Ven Noy Sungvaro က အန္တရာယ်ကင်း ပရိတ်ရွက်ဖတ်ခြင်း၊ ပရိတ်ရေစင်ဖြန်း၍ ဆုတောင်းမေတ္တာပို့သခဲ့သည်။ ဆက်လက်၍ အမှတ်တရ စုပေါင်းဓါတ်ပုံ ရိုက်ကူးခဲ့ပြီး အခမ်းအနားကိုအောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။
*****************



