မြန်မာသံရုံး၊ ဗန်ကောက်မြို့၌ မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်အခမ်းအနား ကျင်းပ

(၁၃-၄-၂၀၂၆ နှင့် ၁၆-၄-၂၀၂၆၊ ဗန်ကောက်)

မြန်မာသံရုံး၊ ဗန်ကောက်မြို့သည် မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ မြန်မာ့ရိုးရာနှစ်သစ်ကို ကြိုဆိုသောအားဖြင့် နှစ်သစ်ကူး မဟာသင်္ကြန် ရေသဘင်ပွဲတော်ကို ကျင်းပခဲ့ရာ ဖွင့်ပွဲ အခမ်းအနားအဖြစ် ၁၃-၄-၂၀၂၆ ရက်(သင်္ကြန်အကြိုနေ့)၌လည်းကောင်း၊ ပိတ်ပွဲအခမ်းအနားအဖြစ် ၁၆-၄-၂၀၂၆ ရက်(သင်္ကြန်အတက်နေ့)၌လည်းကောင်း ဗန်ကောက်မြို့၊ မြန်မာသံရုံး၊ အိမ်ရာပရဝုဏ်အတွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုးနှင့်ဇနီး၊ သံအမတ် ဒေါ်ချိုချိုစိုး၊ မြန်မာ စစ်သံမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် ဝင်းသူလင်းနှင့်ဇနီး၊ မြန်မာသံရုံး၊ မြန်မာစစ်သံရုံး (ကြည်း၊ ရေ၊ လေ) အလုပ်သမားသံအရာရှိရုံး ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ ထိုင်းနိုင်ငံ၌ ပညာသင်ရောက်ရှိနေကြသော မြန်မာပညာတော်သင် ကျောင်းသား များ၊မြန်မာသံရုံးနှင့် ရင်းနှီးကျွမ်းဝင်သော ထိုင်းသံတမန်နှင့် လုပ်ငန်းရှင်များ၊ မြန်မာလုပ်ငန်းရှင် မိတ်ဆွေများနှင့် မိသားစုများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ ပါဝင်တက်ရောက်ခဲ့ပါသည်။

အခမ်းအနားအစီအစဉ်အရ မြန်မာသံအမတ်ကြီးမှ နှစ်သစ်ကူးဆုမွန်ကောင်း အမှာစကား ပြောကြားခဲ့ပြီးနောက် မြန်မာသံရုံး၊ စစ်သံရုံး၊ အလုပ်သမားသံအရာရှိရုံးတို့မှ ဝန်ထမ်းများ၊ မိသားစုဝင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များမှ မြန်မာ့ရိုးရာ အတာသင်္ကြန် အဆိုအကများဖြင့် ကပြသီဆိုဖျော်ဖြေခဲ့ကြပါသည်။ ထို့ပြင် ကြွရောက်လာကြသော ဧည့်သည်တော်များအား သင်္ကြန်ရိုးရာအစားအစာများဖြစ်သော သင်္ကြန်ထမင်း၊ မုန့်လုံးရေပေါ်၊ ရွှေရင်အေးနှင့် အခြားမြန်မာ့ရိုးရာအစားအစာများ၊ အချိုပွဲများဖြင့် တည်ခင်းဧည့်ခံခဲ့ကာ အတာရေများ ပက်ဖြန်းပြီး သင်္ကြန်ပွဲတော်အား ပျော်ရွှင်စွာဆင်နွှဲခဲ့ကြောင်း သိရှိရပါသည်။