(၃၀-၁-၂၀၂၅ ရက်၊ ဖနောင်ပင် )
မြန်မာသံရုံး၊ ဖနောင်ပင်မြို့အနေဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ (၇၈)နှစ် မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်၊ ညနေ ၁၈၀၀ နာရီမှ ၂၀၀၀ နာရီအထိ ဖနောင်ပင်မြို့၊ Himawari Hotel တွင်ကျင်းပခဲ့ပါသည်။
အဆိုပါဧည့်ခံပွဲအခမ်းအနားသို့ အထူးဧည့်သည်တော်အဖြစ် ကမ္ဘောဒီးယားနိုင်ငံ၊ ကုန် သွယ်ရေးဝန်ကြီး H.E. Mrs. Cham Nimul၊ ဝါရင့်ဝန်ကြီး H.E. Dr. Lay Thuch၊ ဝန်ကြီးချုပ် အတွက်တွဲဖက်ဝန်ကြီး H.E. Mr. Preap Kol၊ ယဉ်ကျေးမှုဝန်ကြီးဌာနဝန်ကြီး H.E. Dr. Phoeurng Sackona တို့အပါအဝင် ကမ္ဘောဒီးယားအထက်လွှတ်တော်၊ အစိုးရဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများမှ ဒုတိယဝန်ကြီးများ၊ လက်ထောက်ဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများနှင့် တာဝန်ရှိသူများ၊ ဖနောင်ပင်မြို့အခြေစိုက် နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီ တာဝန်ခံများနှင့် သံတမန်များ၊ စစ်သံမှူးများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ မြန်မာစစ်သံမှူးနှင့် စစ်သံရုံးဝန်ထမ်း မိသားစုများ၊ ကမ္ဘောဒီးယားရောက် မြန်မာနိုင်ငံသားများနှင့် ဖိတ်ကြားထားသည့်ဧည့်သည်တော်များ စုစုပေါင်း (၁၅၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။
အခမ်းအနားအစီအစဉ်အရ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးမင်းနှင့် အထူးဧည့်သည်တော် ကမ္ဘောဒီးယားနိုင်ငံ၊ ကုန်သွယ်ရေးဝန်ကြီး H.E. Mrs. Cham Nimul တို့က အသီးသီးမိန့်ခွန်းများပြောကြားခဲ့ကြပါသည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့် အမှတ်တရမှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကြပြီး တက်ရောက် လာကြသူများအား မြန်မာ့အလှ၊ မြန်မာ့ရှုခင်းနှင့် မြန်မာ့ရိုးရာ ဓလေ့ထုံးတမ်းအစဉ်အလာများ ပါဝင်သည့် ရုပ်သံဖိုင်အားပြသလျက် မြန်မာ့ရိုးရာမုန့်ဟင်းခါး အပါအဝင်စားသောက်ဖွယ်ရာများနှင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရှိရပါသည်။




