မြန်မာသံရုံး၊ ပေကျင်းမြို့မှ ကြီးမှူး၍ မြန်မာ့ယဉ်ကျေးမှုနှင့် ထွက်ကုန်ပြပွဲ (Myanmar Culture and Products Show) ကျင်းပပြုလုပ် (၁၈-၇-၂၀၂၂ ရက်)

(၁၈-၇-၂၀၂၂ ရက်၊ ပေကျင်း)

ပေကျင်းမြို့၊ မြန်မာသံရုံးအနေဖြင့် မြန်မာနှင့် တရုတ်နိုင်ငံတို့အကြားတွင် ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုမြှင့်တင်ရန်၊ မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုကို တရုတ်ပြည်သူများ နားလည်နိုင်စေရန်နှင့် ခရီးသွားလာရေးကဏ္ဍကို မြှင့်တင်ရန်ရည်ရွယ်၍ မြန်မာနိုင်ငံ၏ ထွက်ကုန်များကို တရုတ်နိုင်ငံ၏ ဈေးကွက်တွင် ပိုမိုတိုးချဲ့ထိုးဖောက်နိုင်စေရန် ရည်ရွယ်၍ မြန်မာ့ယဉ်ကျေးမှုနှင့် ထွက်ကုန်ပြပွဲ အခမ်းအနား (Myanmar Culture and Product Shows)ကို မြန်မာသံရုံး၊ ပေကျင်းမြို့၌ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါမြန်မာ့ယဉ်ကျေးမှုနှင့် ထွက်ကုန်ပြပွဲအခမ်းအနားတွင် မြန်မာနိုင်ငံမှ ထွက်ကုန် ပစ္စည်းမျိုးစုံဖြစ်သည့် ကျောက်စိမ်း၊ ရွှေပုလဲ၊ ကော်ဖီ၊ မြန်မာ့လက်ဖက်ရည်၊ မြန်မာ့အဖျော်ယမကာ၊ မြန်မာ့စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများ၊ မြန်မာ့ယဉ်ကျေးမှု အနုပညာလက်ရာမျိုးစုံဖြစ်သည့် ယွန်းထည်ပစ္စည်းများ၊ ရေထွက်ကုန်ပစ္စည်းများအပါအဝင် ထွက်ကုန်ပစ္စည်းများအမျိုးမျိုးကို နမူနာပုံစံများ ခင်းကျင်း၍လည်းကောင်း၊ ဗီနိုင်းများ ချိတ်ဆွဲ၍လည်းကောင်း၊ လက်ကမ်းစာစောင်များ ခင်းကျင်း၍လည်းကောင်း ပြသခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ သံတမန်အသိုင်းအဝိုင်း၊ မြန်မာနိုင်ငံနှင့် ကုန်သွယ်စီးပွားလုပ်ကိုင်ရန် စိတ်ပါဝင်စားသည့် တရုတ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များနှင့် မီဒီယာများစသည်တို့မှ ဧည့်သည်တော် ၄၀၀ ကျော်ခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။