(၂၇-၃-၂၀၂၃ ရက်၊ ပေကျင်း)
မြန်မာသံရုံး၊ ပေကျင်းမြို့နှင့် မြန်မာစစ်သံရုံး (ကြည်း၊ရေ၊လေ) တို့ပူးပေါင်း၍ မြန်မာနိုင်ငံ၏ (၇၈) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့၊ ၁၂၀၀ နာရီမှ ၁၄၀၀ နာရီအထိ မြန်မာသံရုံး၊ ပေကျင်းမြို့၌ ကျင်းပခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၊ ရေတပ်မှ Vice Admiral (ဒုတိယဗိုလ်ချုပ်ကြီး) Chief of Staff Hu Zhongming မှ အထူးဧည့်သည်တော် အဖြစ် တက်ရောက်ခဲ့ပြီး တရုတ်နိုင်ငံ၊ ဗုဒ္ဓဘာသာအသင်း၊ ဒုတိယအတွင်းရေးမှူးချုပ် ဆရာတော် ချန်းကျန့်၊ မြန်မာသံရုံး၊ ပေကျင်းမြို့မှ ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ ပေကျင်း မြို့၊ မြန်မာစစ်သံရုံးမှ စစ်သံမှူး (ကြည်း၊ ရေ၊လေ) ဗိုလ်မှူးချုပ် ဇော်ဦးနှင့် အရာရှိ၊ စစ်သည် များ၊ မိသားစုဝင်များ၊ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ အရာရှိကြီးများ၊ ပေကျင်းမြို့ အခြေစိုက်၊ စစ်သံရုံးများမှ စစ်သံမှူးများ၊ ပေကျင်းမြို့အခြေစိုက်၊ သံရုံးများမှ နိုင်ငံခြား သံတမန်များ၊ တရုတ်နိုင်ငံတွင် ပညာသင်ကြားလျက်ရှိသည့် သင်တန်းသား အရာရှိ များ၊ အစိုးရဝန်ထမ်း ကျောင်းသား/ ကျောင်းသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော် များအသီးသီးတက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဝဏ္ဏကျော်ထင် ဦးတင်မောင်ဆွေမှ မိန့်ခွန်းပြောကြားခဲ့ရာ၊ သံအမတ်ကြီးက မြန်မာ့တပ်မတော်မှာ ၁၉၄၅ ခုနှစ်တွင် ပြည်သူ့ကြားမှ ပေါက်ဖွားလာသည့် ပြည်သူ့တပ်မတော် ဖြစ်ပြီး အဆိုပါအချိန်မှစ၍ ယခုအချိန်အထိ ပြည်သူများအကျိုးကို ဦးလည်မသုန်ထမ်းဆောင်ခဲ့ပါကြောင်း၊ ၂၀၂၁ ခုနှစ်တွင် နိုင်ငံ၏အခြေအနေအရ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံ့တာဝန်ကို လွှဲပြောင်းယူခဲ့ရပြီး ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက် ၁၂ ရပ် ချမှတ်၍ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း၊ (၇၈)နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက် (၄) ရပ်နှင့်အညီ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး ပေါ်ထွန်းလာရေးအတွက် တပ်မတော်က ကူညီဆောင် ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပြီး တပ်မတော်နေ့အထိမ်းအမှတ် ဂုဏ်ပြု ဆုတောင်းခဲ့ကြပါသည်။
ထို့နောက် ကြွရောက်လာကြသည့် ဧည့်သည်တော်များအား စားသောက်ဖွယ်ရာများနှင့် တည့်ခင်းဧည့်ခံခဲ့ကြောင်း သိရှိရပါသည်။







