မြန်မာသံရုံး၊ နယူးဒေလီမြို့၌ နှစ်သစ်ကူး မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အခမ်းအနား ကျင်းပ (၁၆-၄-၂၀၂၃ ရက်)

(၁၆-၄-၂၀၂၃ ရက်၊ နယူးဒေလီ)
မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာနှစ်သစ်ကို ကြိုဆိုသောအားဖြင့် မြန်မာ့ရိုးရာ နှစ်သစ်ကူး မဟာသင်္ကြန် ရေသဘင်ပွဲတော်ကို ၁၆-၄-၂၀၂၃ ရက် (သင်္ကြန်အတက်နေ့) နံနက်ပိုင်းတွင် နယူးဒေလီမြို့ရှိ မြန်မာသံရုံး ပရဝုဏ်အတွင်း၌ ကျင်းပခဲ့ပါသည်။
အဆိုပါ နှစ်သစ်ကူး မြန်မာရိုးရာ မဟာသင်္ကြန် ရေသဘင်ပွဲတော်ကို အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်၊ မြန်မာသံရုံး၊ စစ်သံရုံးမှ ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ သံတမန်အဖွဲ့နာယက၊ အိန္ဒိယနိုင်ငံ အခြေစိုက် နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများနှင့် ဇနီးများ၊ သံတမန်များ၊ မဏိပူရ် ပြည်နယ် လွှတ်တော်အမတ်၊ အိန္ဒိယ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု အဖွဲ့အစည်းများ၊ နယူးဒေလီမြို့တွင် သင်တန်းတက်ရောက်လျက်ရှိသော မြန်မာသင်တန်းသား/ သင်တန်းသူများ၊ မြန်မာအသိုင်းအဝိုင်းနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ ပါဝင်တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်မှ နှစ်သစ်ကူးအမှာစကားနှင့် နှစ်သစ်ကူး ဆုမွန်ကောင်းများ ပြောကြားခဲ့ပြီးနောက် မြန်မာသံရုံးနှင့် စစ်သံရုံးတို့မှ ဝန်ထမ်းမိသားစု၊ မြန်မာပညာသင် သင်တန်းသူများက မြန်မာ့ရိုးရာ မဟာသင်္ကြန်အဆိုအက များဖြင့် ကပြသီဆိုဖျော်ဖြေခဲ့ကြပါသည်။ ထို့နောက် ဧည့်သည်တော်များအား မြန်မာသင်္ကြန် ရိုးရာအစားအစာများဖြင့် တည်ခင်းဧည့်ခံခဲ့ကာ ရေသဘင်ပွဲတော်ကို ပျော်ရွှင်စွာဆင်နွှဲခဲ့ကြောင်း သိရှိရပါသည်။