(၁၄-၈-၂၀၂၅ ရက်၊ နယူးဒေလီ)
နိုင်ငံတော်အကြီးအကဲ ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဌနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ မိသားစုက လှူဒါန်းသည့် ပဋိကသုံးပုံပါဠိတော်(မြန်မာ၊ရိုမန်)အက္ခရာနှစ်မျိုးဖြင့် ပြုစုထားသော ဆဌသင်္ဂါယနာမူ ပါဠိတော်ကျမ်း(၅၃)ကျမ်း၊ ဦးကုလား မဟာရာဇဝင်ကြီး (ပထမ အုပ်နှင့် ဒုတိယအုပ်) (၂) အုပ်ဆပ်ကပ်လှူဒါန်းပွဲ အခမ်းအနားနှင့် နယူးဒေလီမြို့၊ မြန်မာသံရုံး မိသားစု၏ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ၁၃-၈-၂၀၂၅ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် နယူးဒေလီမြို့ရှိ မြန်မာသံရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ သံဃာတော်အရှင်သူမြတ် (၁၄)ပါးနှင့် သီလရှင် ဆရာလေး(၂)ပါးတို့အား ပင့်ဖိတ်ခဲ့ပြီး မြန်မာ သံအမတ်ကြီးနှင့် ဇနီး၊ သံရုံးနှင့် စစ်သံရုံးတို့မှ ဝန်ထမ်း မိသားစုများ တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာအခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်၍ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၊ ဒေလီက္ကသိုလ်၊ သမိုင်းဌာန၌ ပါရဂူဘွဲ့သင်တန်းတက်ရောက်သင်ကြားနေသည့် ဆရာတော်အရှင်ပညိန္ဒထံမှ ငါးပါးသီလီဆောက်တည်ခဲ့ကြပြီး သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားချီးမြင့်တော်မူသည့် မေတ္တာသုတ်နှင့် ပရိတ်တရားတော်များကို နာယူကြည်ညို ခဲ့ကြပါ သည်။ ထို့နောက် သံဃာတော် အရှင်သူမြတ်တို့အား ပဋိကသုံးပုံပါဠိတော် (မြန်မာ၊ရိုမန်)အက္ခရာ နှစ်မျိုးဖြင့် ပြုစုထားသော ဆဌသင်္ဂါယနာမူ ပါဠိတော်ကျမ်း (၅၃)ကျမ်း၊ ဦးကုလား မဟာရာဇဝင်ကြီး (ပထမအုပ်နှင့် ဒုတိယအုပ်)(၂)အုပ်၊ ဝါဆို သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းအစုစုတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။ ဆက်လက်၍ ဆရာတော် အရှင်ပညိန္ဒထံမှ အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှုအစုစု တို့အတွက် ရေစက်သွန်းချအမျှဝေကြကာ ဗုဒ္ဓသာသနံစိရိံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။ ထို့နောက် ဆရာတော် အရှင်ပညိန္ဒအမှူးပြုသော သံဃာတော်အရှင်သူမြတ်များနှင့် သီလရှင် ဆရာလေးများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။

