မြန်မာသံရုံး၊ ဒါကာမြို့၌ မြန်မာ့ရိုးရာနှစ်သစ်ကူးရေသဘင်ပွဲတော်(မဟာသင်္ကြန်) အခမ်းအနား ကျင်းပ

(၁၄-၄-၂၀၂၆၊ ဒါကာ)

မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် မြန်မာ့ရိုးရာနှစ်သစ်ကို ကြိုဆိုသောအားဖြင့် မြန်မာ့ရိုးရာ နှစ်သစ်ကူး ရေသဘင်ပွဲတော်(မဟာသင်္ကြန်)အခမ်းအနားကို ၁၄-၄-၂၀၂၆ ရက် နံနက်ပိုင်းတွင် ဒါကာမြို့ရှိ သံအမတ်ကြီးနေအိမ်၌ ကျင်းပခဲ့ပါသည်။

အဆိုပါအခမ်းအနားကို မြန်မာသံအမတ်ကြီး ဦးကျော်စိုးမိုးနှင့် ဇနီး ဦးဆောင်၍ မြန်မာသံရုံး၊ မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ)ရုံးတို့မှ ဝန်ထမ်းများနှင့် မိသားစုဝင်များ ပါဝင်ဆင်နွှဲခဲ့ကြပြီး ဒါကာမြို့အခြေစိုက် အာဆီယံနှင့် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများနှင့် သံတမန်များ ပါဝင်တက်ရောက်ဆင်နွှဲခဲ့ကြပါသည်။

အခမ်းအနားတွင် မြန်မာသံအမတ်ကြီး ဦးကျော်စိုးမိုးက နှစ်သစ်ကူးအမှာစကားနှင့် နှစ်သစ်ကူး ဆုမွန်ကောင်းများ ပြောကြားခဲ့ပြီး မြန်မာသံရုံး၊ မြန်မာစစ်သံရုံးတို့မှ ဝန်ထမ်းမိသားစုများက မြန်မာ့ရိုးရာအဆိုအကများဖြင့် ကပြသီဆိုဖျော်ဖြေခဲ့ကြပါသည်။ ယင်းနောက် ဧည့်သည်တော်များအား မြန်မာ့ရိုးရာအစားအစာများဖြစ်ကြသည့် မုန့်ဟင်းခါး၊ မုန့်လုံးရေပေါ်၊ ရွေရင်အေး၊ လက်ဖက်တို့ဖြင့် တည်ခင်းဧည့်ခံခဲ့ကာ ရေသဘင်ပွဲတော်ကို ပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြောင်း သိရှိရပါသည်။