မြန်မာသံရုံး၊ ဆိုးလ်မြို့မှ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနား ကျင်းပခြင်း

(၁၀-၁-၂၀၂၀ ရက်၊ ဆိုးလ်မြို့)

ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်နှင့်ဇနီးတို့မှ ကြီးမှူးကျင်းပသည့် (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၉ ရက်နေ့တွင် ဆိုးလ်မြို့ရှိ Lotte Hotel, Crystal Ballroom ၌ ၁၈:၃၀ နာရီမှ ၂၀:၃၀ နာရီအထိ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာသံအမတ်ကြီးမှ မိန့်ခွန်းပြောကြားခဲ့ပြီး အထူးဧည့်သည်တော် အဖြစ် တက်ရောက်လာသည့် ကိုရီးယားသမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး H.E. Mr. Kim Gunn မှ ဂုဏ်ပြုအမှာစကား ပြောကြားခဲ့ပါသည်။

အခမ်းအနားသို့ ကိုရီးယားသမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံရေးရာဌာန၊ အာဆီယံရေးရာဌာန၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများဌာနနှင့် သံတမန်ရေးရာဌာနတို့မှ အကြီးအကဲများ၊ အရာထမ်းများ၊ အာဆီယံ-ကိုရီးယားစင်တာမှ အတွင်းရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများ၊ ကိုရီးယားသမ္မတနိုင်ငံအခြေစိုက်သံရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများမှ သံရုံးအကြီးအကဲများ၊ ကောင်စစ်ဝန်ချုပ်များနှင့် သံတမန်များ၊ စစ်သံမှူးများ၊ တောင်ကိုရီးယားနိုင်ငံရောက် မြန်မာမိသားစုများ၊ တောင်ကိုရီးယားနိုင်ငံနှင့် မြန်မာနိုင်ငံတို့မှ စီးပွားရေးလုပ်ငန်းရှင်များနှင့် အခြားဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း (၃၀၀)ခန့် တက်ရောက်ချီးမြှင့်ခဲ့ ကြပါသည်။

အခမ်းအနားတွင် မြန်မာရှုခင်းများ၊ အနုပညာ ရိုးရာလက်ရာများ ဖော်ကြူးသည့် ပန်းချီ ကားများ ချိတ်ဆွဲပြသခြင်း၊ မြန်မာ့အလှ ရှုခင်း ဗီဒီယို ပြသခြင်း၊ မြန်မာ့ရိုးရာ သင်္ကြန်အကနှင့် တစ်ပင်တိုင် မင်းသားအကတို့ဖြင့် ကပြဖျော်ဖြေတက်ဆက်ခဲ့သကဲ့သို့ မြန်မာရိုးရာ အစားအစာများဖြင့်လည်း တည်ခင်းဧည့်ခံခဲ့ကြောင်း သိရှိရပါသည်။