မြန်မာသံရုံး၊ ဆိုးလ်မြို့၌ အာဆီယံကော်မတီ၏ ဥက္ကဋ္ဌရာထူး လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား ကျင်းပ

(၁၉-၁၂-၂၀၁၉ ရက်၊ ဆိုးလ်မြို့)

ဆိုးလ်မြို့ရှိ အာဆီယံကော်မတီ၏ ဥက္ကဋ္ဌရာထူး လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို မြန်မာသံရုံး၊ ဆိုးလ်မြို့၌ ၁၉-၁၂-၂၀၁၉ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ လက်ရှိ ဥက္ကဋ္ဌရာထူးအား တာဝန်ယူထားသည့် မြန်မာသံအမတ်ကြီး ဦးသန့်စင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး တာဝန်ထမ်းဆောင်ခဲ့သည့် (၆) လတာ ကာလအတွင်း ဆိုးလ်မြို့ရှိ အာဆီယံကော်မတီအနေဖြင့် ဆောင်ရွက်ချက်များ၊ အောင်မြင်မှုများ၊ သုံးသပ်ချက်များ၊ ကိုရီးယားနိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား ဆက်ဆံရေး ပိုမိုကောင်းမွန်လာမှု အခြေအနေများနှင့် နောင်တွင် အာဆီယံကော်မတီအနေဖြင့် ဆောင်ရွက်သွားသင့်သည်များကို ရှင်းလင်းအကြံပြု ပြောကြားခဲ့ပါသည်။ ထို့နောက် ၁-၁-၂၀၂၀ ရက်နေ့မှစ၍ ဥက္ကဋ္ဌတာဝန်ကို စတင်ထမ်းဆောင်မည့် ဖိလစ်ပိုင်သံအမတ်ကြီး H.E. Noe A. WONG ထံသို့ ဥက္ကဋ္ဌရာထူးအား လွှဲပြောင်းပေးအပ်ခဲ့ပြီး အာဆီယံသံအမတ်ကြီးများအား နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။

မြန်မာသံအမတ်ကြီးအနေဖြင့် ဆိုးလ်မြို့ရှိ အာဆီယံကော်မတီဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် (၆) လတာ ကာလအတွင်း တောင်ကိုရီးယားသမ္မတ၏ အာဆီယံနိုင်ငံ (၃) နိုင်ငံ ခရီးစဉ်များ၊ အာဆီယံနိုင်ငံများမှ ဝန်ကြီးအဆင့် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့များအတွက် ကိုရီးယားသမ္မတနိုင်ငံတွင် ကျင်းပသည့် ASEAN Train အစီအစဉ်များ၊ အာဆီယံနှင့် တောင်ကိုရီးယား နိုင်ငံတို့အကြားရှိ ချစ်ကြည်ရင်းနှီးမှု၏ ပြယုဂ်တစ်ခု ဖြစ်လာမည့် ဘူဆန်မြို့ ASEAN Culture House ရှေ့ရှိ လမ်းမကြီးအား ASEAN Street အဖြစ် အမည်ပြောင်းလဲသတ်မှတ်ခဲ့သည့် ကိစ္စရပ်များနှင့် ASEAN-ROK Commemorative Summit နှင့် 1st Mekong-ROK Summit ထိပ်သီးအစည်းအဝေးများအား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အာဆီယံနိုင်ငံများကိုယ်စား ဦးဆောင် ညှိနှိုင်းပေးနိုင်ခဲ့ပြီး အာဆီယံနိုင်ငံများနှင့် တောင်ကိုရီးယားနိုင်ငံတို့ အကြား စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု စသည့် ကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် တွေ့ဆုံ၍ ဆွေးနွေးညှိနှိုင်းတိုင်ပင်မှုများ ပြုလုပ်ပေးနိုင်ခဲ့ကြောင်း သိရှိရပါသည်။