၁။ ၂၀၂၇ ခုနှစ်တွင် အာဆီယံဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်မည့် စင်ကာပူနိုင်ငံအနေဖြင့် အာဆီယံသစ်ခွပန်းပွဲတော် (ASEAN Orchid Extravaganza) ကျင်းပပြုလုပ်သွားမည့်ကိစ္စရပ်နှင့် စပ်လျဉ်း၍ စင်ကာပူနိုင်ငံ၊ Gardens by the Bay မှ Mr. Gary Chua, Senior Director, Research & Horticulture နှင့် ကိုယ်စားလှယ်အဖွဲ့သည် မြန်မာသံရုံး၊ စင်ကာပူမြို့၊ သံရုံးယာယီ တာဝန်ခံ/ သံအမတ် ဒေါက်တာဇော်မင်းအောင်အား ၂၇-၄-၂၀၂၆ ရက်နေ့၊ နေ့လည် ၁၅၀၀ နာရီတွင် မြန်မာသံရုံး၊ စင်ကာပူမြို့၌ လာရောက်တွေ့ဆုံခဲ့ပါသည်။
၂။ ထိုသို့တွေ့ဆုံရာတွင် အာဆီယံသစ်ခွပန်းပွဲတော် (ASEAN Orchid Extravaganza) ကျင်းပ ပြုလုပ်မည့်ကိစ္စရပ်နှင့် ပတ်သက်၍ သစ်ခွပန်းပွဲတော်အတွက် အဆိုပြုထားရှိသည့် ဒီဇိုင်းများ၊ ပြသရန်စီစဉ်ထားရှိသည့် အပြင်အဆင်များအပါအဝင် မြန်မာနိုင်ငံမှ ပါဝင်ပြသနိုင်မည့် သစ်ခွ မျိုးစိတ်များ၊ မြန်မာရိုးရာ ယဉ်ကျေးမှုလက်မှုပစ္စည်းများနှင့် ဖျော်ဖြေပွဲများ ကျင်းပပြုလုပ်နိုင်ရေး အတွက် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။


