မြန်မာသံရုံး၊ ဂျကာတာမြို့တွင် မြန်မာ့ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး မြှင့်တင်ခြင်းဆိုင်ရာ ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ခြင်း

(၃-၁၀-၂၀၁၉ ရက်၊ ဂျကာတာမြို့)

မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုစေရန် ရည်ရွယ်၍ မြန်မာ့ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး မြှင့်တင်ခြင်းဆိုင်ရာ ဟောပြောပွဲတစ်ရပ်အား ၁-၁၀-၂၀၁၉ ရက်နေ့၊ ၁၁၀၀ နာရီမှ ၁၃၃၀ နာရီအထိ မြန်မာသံရုံး၊ ဂျကာတာမြို့တွင် ကျင်းပပြုလုပ် ခဲ့ပါသည်။ အဆိုပါ ခရီးသွားလုပ်ငန်းမြှင့်တင်ရေး ဟောပြောပွဲကို ဂျကာတာမြို့အခြေစိုက် Thai Airways International မှ ပူးတွဲစီစဉ်သူ (Co-Organizer) အဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပြီး Thai Airways International မှ General Manager Mr. Weerawat Swasdibutra ၊ အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီးဌာန၊ အရှေ့တောင်အာရှဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး Mrs. Dewi Lestari ၊ အင်ဒိုနီးရှား ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဌာနခွဲမှ ကိုယ်စားလှယ် Mrs. Hari Budiati ၊ Thai Airways International မှ တာဝန်ရှိသူများ၊ အင်ဒိုနီးရှားနိုင်ငံ ခရီးသွားလုပ်ငန်းကုမ္ပဏီ (၂၁) ခုတို့မှ ကိုယ်စားလှယ်များ အပါအဝင် စုစုပေါင်း (၃၃) ဦး ပါဝင်တက်ရောက်ခဲ့ကြပါသည်။

အဆိုပါ Myanmar Tourism Promotion Seminar တွင် သံအမတ်ကြီး ဒေါ်အိအိခင်ဧမှ မြန်မာနိုင်ငံ၏ ဗီဇာဆိုင်ရာ ဖြေလျှော့ပေးမှု အခြေအနေများ၊ မြန်မာ့ခရီးသွားလုပ်ငန်းဥပဒေနှင့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ စီးပွားရေးအခွင့်အလမ်းများ၊ ပြည်ပရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများဆိုင်ရာ ဥပဒေတို့တွင် ပြဋ္ဌာန်းထားသည့် ပြည်ပလုပ်ငန်းများအတွက် အားသာချက်များ အပါအဝင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခြင်း၊ မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ ပံ့ပိုးပေးသည့် မြန်မာ့ခရီးသွားလုပ်ငန်း မြှင့်တင်ခြင်းဆိုင်ရာ အချက်အလက်များပါဝင်သော PowerPoint Presentation အား ရှင်းလင်း ပြောကြားခြင်း၊ မြန်မာနိုင်ငံရှိ ထင်ရှားသည့်နေရာများအား နောက်ခံပြု ရိုက်ကူးထားသည့် Short Video Clip (၄) ခုအား ပြသခဲ့ပါသည်။

ထို့နောက် သံအမတ်ကြီးမှ တက်ရောက်လာသူများအား အထူးကျေးဇူးတင်ရှိကြောင်းနှင့် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်ခြင်းဖြင့် နှစ်ဦးနှစ်ဖက် အကျိုးကျေးဇူး ရှိစေရန် မျှော်လင့်ကြောင်းဖြင့် ပြောကြားခဲ့ပြီး အခမ်းအနား အစီအစဉ်မှာ (၁၂၃၀) နာရီခန့်တွင် ပြီးဆုံးခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသည့် ဧည့်သည်များနှင့်အတူ စုပေါင်းဓာတ်ပုံ ရိုက်ကူးခဲ့ကြကာ မြန်မာ့ရိုးရာ အုန်းထမင်း၊ ကြက်သားဟင်း၊ ဘာလချောင်ကြော်၊ အချဉ်သုပ်တို့ဖြင့် နေ့လယ်စာ တည်ခင်းဧည့်ခံခဲ့ပြီး ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာနမှ ထုတ်ဝေထားသည့် လက်ကမ်းစာစောင်များ၊ CD ခွေများနှင့် မြန်မာ့တွင်းထွက် ကျောက်စိမ်းလက်ကောက် (၁) ကွင်းစီ ပါဝင်သည့် လက်ဆောင်အိတ်တို့အား တက်ရောက်လာသည့် ဧည့်သည်များကို ပေးအပ်ခဲ့ကြောင်း သိရှိရသည်။