မြန်မာသံရုံး၊ ကူဝိတ်မြို့က အာဆီယံယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းပွဲတော်သို့ ပါဝင်ဆင်နွှဲ (၁၉-၅-၂၀၂၅ရက်)

(၁၉-၅-၂၀၂၅ရက်၊ ကူဝိတ်)

မြန်မာသံရုံး၊ ကူဝိတ်မြို့သည် ၁၈-၅-၂၀၂၅ ရက်နေ့ ညနေ ၀၇၀၀ နာရီအချိန်၌ ကူဝိတ် မြို့ Crowne Plaza ၌ “ASEAN Cultural and Tourism Night” အမည်ဖြင့် ကျင်းပပြုလုပ် ခဲ့သည့် အာဆီယံယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းပွဲတော်သို့ ပူးပေါင်းပါဝင်ဆင်နွှဲခဲ့ပါသည်။ အဆိုပါပွဲတော်ကို ကူဝိတ်နိုင်ငံဆိုင်ရာအာဆီယံနိုင်ငံသံရုံးများဖြင့် ဖွဲ့စည်းထားသည့် အာဆီယံ ကော်မတီကူဝိတ်(ASEAN Committee Kuwait-ACK)နှင့် ကူဝိတ်ရှိ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအဖွဲ့ (International Women Group-IWG) တို့ ပူးပေါင်းစီစဉ် ကျင်းပခဲ့ခြင်း ဖြစ်ပါသည်။ IWG သည် ၁၉၈၉ ခုနှစ်တွင် ကူဝိတ်နိုင်ငံဆိုင်ရာ သံရုံးအကြီးအကဲများ၏ ဇနီးများက စုစည်းတည်ထောင်ခဲ့သည့် အမြတ်အစွန်းအတွက်မရည်ရွယ်သော အဖွဲ့တစ်ခုဖြစ်ပါသည်။ ယင်းအဖွဲ့သည် လေ့လာရေးခရီးများ၊ အမျိုးသားနေ့နှင့် ယဉ်ကျေးမှုအခမ်းအနားများ၊ ဖျော်ဖြေ တင်ဆက်မှုများ၊ အစည်းအဝေးများနှင့် အခြားလူမှုရေး တွေ့ဆုံပွဲများကဲ့သို့သော အခမ်းအနား များမှတစ်ဆင့် အဖွဲ့ဝင်များအကြား ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းနှင့် အသိပညာမျှဝေခြင်း တို့ကို မြှင့်တင်ရန်ရည်ရွယ်၍ တည်ထောင်ခဲ့ခြင်းဖြစ်ပါသည်။ အထက်ပါ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းပွဲတော် ဖွင့်ပွဲအခမ်းအနားတွင် ကူဝိတ် နိုင်ငံတော်သီချင်းနှင့် အာဆီယံသီချင်းကို ဖွင့်လှစ်ခဲ့ပြီးနောက် ACK ၏ အလှည့်ကျဥက္ကဌ ကူဝိတ်နိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံ သံအမတ်ကြီး H.E. Dr. Nguyen Duc Thang နှင့် IWG ၏ လက်ရှိဥက္ကဋ္ဌ Madame Polina Dlamini တို့မှ နှုတ်ခွန်းဆက်အဖွင့်စကားများ ပြောကြားခဲ့ကြ ပါသည်။ အဆိုပါအခမ်းအနားသို့ ကူဝိတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးချမ်းအေးနှင့် ဇနီးတို့သည် ကူဝိတ်နိုင်ငံရှိ သံရုံးများမှ သံအမတ်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ သံတမန်များ၊ အခြား ဖိတ်ကြားထားသူများနှင့်အတူ ပါဝင်တက်ရောက်ခဲ့ကြသည်။ အခမ်းအနား၌ အာဆီယံယဉ်ကျေးမှု၊ အစားအသောက်နှင့် ခရီးသွားလုပ်ငန်း မြှင့်တင် ရေးဆိုင်ရာဗီဒီယိုများကို ပရိသတ်များအား သက်ဆိုင်ရာနိုင်ငံအလိုက် ပြသခဲ့ကြပါသည်။ ထို့နောက် ယဉ်ကျေးမှုဆိုင်ရာ ကပြဖျော်ဖြေမှုများကို အင်ဒိုနီးရှား၊ မြန်မာ၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်နိုင်ငံ သံရုံးတို့က အသီးသီးတင်ဆက်ခဲ့ကြပါသည်။ တင်ဆက်မှုများအပြီး၌ တက် ရောက်လာသူအားလုံးကို အာဆီယံနိုင်ငံသံရုံးများက ရိုးရာအစားအသောက်များဖြင့်ဧည့်ခံ၍ နိုင်ငံအလိုက် ထွက်ကုန်ပစ္စည်းများကို အမှတ်တရ လက်ဆောင်ပေးအပ်ခဲ့ပါသည်။ ထို့အပြင် အာဆီယံနိုင်ငံ သံရုံးများသည် ယဉ်ကျေးမှုပြခန်းငယ်များကိုလည်း သီးခြားစီဖွင့်လှစ်၍ သက် ဆိုင်ရာနိုင်ငံအလိုက် ယဉ်ကျေးမှုပစ္စည်းများနှင့် ခရီးသွားလုပ်ငန်းမြင့်တင်ရေးဆိုင်ရာများကို ပြသခဲ့ကြကြောင်းသိရှိရပါသည်။