(၅-၂-၂၀၂၆၊ ကိုင်ရို)
မြန်မာသံရုံး၊ ကိုင်ရိုမြို့သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်၊ ၁၉၀၀ နာရီမှ ၂၁၀၀ နာရီအထိ ကိုင်ရိုမြို့ရှိ Fairmont Nile City Hotel ၌ အောင်မြင်စွာ စီစဉ်ကျင်းပခဲ့ပါသည်။
အဆိုပါ ဧည့်ခံပွဲအခမ်းအနားသို့ အီဂျစ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ လက်ထောက်နိုင်ငံခြား ရေးဝန်ကြီး H.E. Amr Hamza က အဓိကဧည့်သည်တော်အဖြစ် တက်ရောက်၍ အီဂျစ်နိုင်ငံခြား ရေးဝန်ကြီးဌာနနှင့် အစိုးရဝန်ကြီးဌာနများမှ အရာရှိကြီးများ၊ ကိုင်ရိုမြို့အခြေစိုက် အာဆီယံနိုင်ငံ သံရုံးများအပါအဝင် ပြည်ပသံရုံးများမှ သံအမတ်ကြီးများနှင့် သံရုံးယာယီတာဝန်ခံများ၊ သံတမန် များ၊ စစ်သံမှူးများ၊ အီဂျစ်စီးပွားရေး လုပ်ငန်းရှင်များ၊ အီဂျစ်နိုင်ငံရှိ မြန်မာနိုင်ငံသားများနှင့် ပညာသင်များအပါအဝင် ဧည့်သည်တော် (၁၅၀) ကျော် ပါဝင်တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားအား နှစ်နိုင်ငံနိုင်ငံတော်သီချင်းများဖြင့် အလေးပြု ဖွင့်လှစ်ခဲ့ပြီးနောက် အီဂျစ် အာရပ်သမ္မတနိုင်ငံဆိုင်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီး ဦးကျော်တင်ရှိန်က မြန်မာ့လွတ်လပ်ရေးသမိုင်းကြောင်း၊ မြန်မာ-အီဂျစ်နှစ်နိုင်ငံဆက်ဆံရေး သမိုင်းကြောင်းနှင့် မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုများ အထူးသဖြင့် ၂၀၂၅ ခုနှစ်၊ အထွေထွေ ရွေးကောက်ပွဲ ကျင်းပပြုလုပ်ခဲ့မှုများနှင့်စပ်လျဉ်း၍ မိန့်ခွန်းပြောကြားခဲ့ပါသည်။ တက်ရောက်လာသည့် ဧည့်ပရိတ်သတ်များအား မြန်မာနိုင်ငံ၏ တိုင်းရင်းသား လူမျိုးများ၏ ရိုးရာယဉ်ကျေးမှု၊ အထင်ကရ ခရီးသွားအလည်အပတ်နေရာများ၊ မြန်မာ့စီးပွားရေးနှင့် စိုက်ပျိုးရေးကဏ္ဍများကို ဖော်ညွှန်းပြသသည့် ဗီဒီယိုကိုလည်း ပြသခဲ့ပါသည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသူများအား မြန်မာ့ရိုးရာအစားအစာများအပါအဝင် စားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံ၍ မြန်မာ့ရိုးရာယဉ်ကျေးမှုအက ပဒေသာများပါဝင်သည့် ဗီဒီယိုများ ပြသခဲ့ကြောင်း သိရှိရပါသည်။



