မြန်မာသံရုံး၊ ကိုင်ရိုမြို့၌ မြန်မာ့ရိုးရာ မိသားစုသင်္ကြန်ပွဲတော် ကျင်းပ(၁၆-၄-၂၀၂၃ ရက်)

(၁၆-၄-၂၀၂၃ ရက်၊ ကိုင်ရို)

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ မြန်မာနှစ်သစ်ကို ကြိုဆိုသောအားဖြင့် မြန်မာသံရုံးဝန်ထမ်းများ၊ မိသားစုဝင်များနှင့် ကိုင်ရိုမြို့ရှိ မြန်မာအသိုင်းအဝိုင်းမိသားစုဝင်များအကြား ပိုမိုနွေးထွေးသော ထိတွေ့ဆက်ဆံမှု ရရှိစေရန်နှင့် မြန်မာ့ရိုးရာ အစဉ်အလာကို ထိန်းသိမ်းသည့်အနေဖြင့် မိသားစု အတာသင်္ကြန်ပွဲတော်ကို ၁၆-၄-၂၀၂၃ ရက် (သင်္ကြန်အတက်နေ့) တွင် မြန်မာသံရုံး မြက်ခင်းပြင်၌ ကျင်းပခဲ့ပါသည်။

မြန်မာသံရုံးမိသားစု သင်္ကြန်ပွဲသို့ သံအမတ်ကြီး ဝဏ္ဏကျော်ထင် ဦးမြင့်လွင်နှင့် ဇနီး၊ သံရုံးဝန်ထမ်းများနှင့် မိသားစုဝင်များ၊ ဖိတ်ကြားထားသည့် အီဂျစ်နိုင်ငံရောက် မြန်မာနိုင်ငံသားများက ပျော်ရွှင်စွာဖြင့် ပါဝင်ဆင်နွှဲခဲ့ကြပါသည်။

ရှေးဦးစွာ သံအမတ်ကြီး ဝဏ္ဏကျော်ထင် ဦးမြင့်လွင်က နှစ်သစ်ကူး နှုတ်ခွန်းဆက် အမှာစကားနှင့် နှစ်သစ်ဆုမွန်ကောင်းများ ပြောကြားခဲ့ပြီး၊ သံအမတ်ကြီးနှင့် ဇနီးတို့က ဧည့်ပရိသတ်များအား ပိတောက်ခက်ဖြင့် အတာရေစင် ပက်ဖျန်းပေးကာ မြန်မာ့ရိုးရာ အစားအစာများဖြစ်သည့် အုန်းနို့ခေါက်ဆွဲ၊ ရွှေရင်အေး၊ မုန့်လုံးရေပေါ် အပါအဝင် စားသောက်ဖွယ်ရာမျိုးစုံဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။

ထို့နောက် မြန်မာသံအမတ်ကြီးနှင့်ဇနီး၊ သံရုံးဝန်ထမ်းများနှင့်မိသားစုဝင်များ၊ ဧည့်သည်တော် မြန်မာနိုင်ငံသားများမှ သင်္ကြန်သီချင်းများဖြင့် သီဆိုကပြ ဖျော်ဖြေခဲ့ကြပြီး၊ အမှတ်တရ စုပေါင်း မှတ်တမ်းဓာတ်ပုံများ ရိုက်ကာ မိသားစုသင်္ကြန်ပွဲ အစီအစဉ်ကို မန်းတောင်ရိပ်ခိုသီချင်းဖြင့် ပိတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။