(၂၇-၉-၂၀၂၆၊ ပါရီ)
ပုပ်ရဟန်းမင်းကြီး လီယို ၁၄ (His Holiness Pope Leo XIV) ၏ ပြင်သစ်နိုင်ငံ တရားဝင်ခရီးစဉ်အတွင်း ယူနက်စကိုအဖွဲ့ဝင်နိုင်ငံများနှင့် တွေ့ဆုံသည့် အထူးအခမ်းအနား (Special Event) ကို ၂၅-၉-၂၀၂၆ ရက်တွင် ယူနက်စကိုဌာနချုပ်၌ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာသံရုံး၊ ပါရီမြို့မှ သံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးကျော်ညွန့်ဦးသည် ယူနက်စကိုဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်/ သံအမတ်ကြီးများနှင့် သံတမန်များ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ ပညာရှင်အသိုင်းအဝိုင်းများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့်အတူ ပါဝင်တက်ရောက်ခဲ့ပါသည်။
အထူးအခမ်းအနား၌ ပုပ်ရဟန်းမင်းကြီးက မိန့်ခွန်းပြောကြားရာတွင် ပညာရေး၊ သိပ္ပံ၊ ယဉ်ကျေးမှုနှင့် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်များသည် လူသားတို့၏ ဂုဏ်သိက္ခာနှင့် ငြိမ်းချမ်းရေးကို ကာကွယ်မြှင့်တင်ရန် အစွမ်းထက်သော အခြေခံများဖြစ်ပါကြောင်း၊ ဉာဏ်ရည်တု (AI) နှင့် နည်းပညာများ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ လူသားတို့၏ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်၊ ဂုဏ်သိက္ခာနှင့် အခွင့်အရေးများကို ထိခိုက်စေခြင်းမရှိဘဲ လူသားအကျိုးပြုအဖြစ် တာဝန်ယူမှုရှိစွာ အသုံးချနိုင်ရန် လိုအပ်ပါကြောင်း၊ ပညာရေးသည် လူငယ်များအား ဝေဖန်ပိုင်းခြားစဉ်းစားနိုင်စွမ်း၊ အမှန်တရားကို ရှာဖွေတန်ဖိုးထားနိုင်စွမ်းနှင့် အခြားသူများ၏ မတူကွဲပြားမှုများကို လေးစားနားလည်နိုင်စွမ်းတို့ကို မြှင့်တင်ပေးရန် အရေးကြီးပါကြောင်း၊ ငြိမ်းချမ်းရေးသည် သဘောတူစာချုပ်များဖြင့်သာ တည်ဆောက်နိုင်ခြင်းမဟုတ်ဘဲ ပညာရေး၊ ယဉ်ကျေးမှု၊ ဆွေးနွေးညှိနှိုင်းမှုနှင့် အပြန်အလှန်နားလည်လေးစားမှုတို့မှတစ်ဆင့် လူသားများ အကြား ယုံကြည်မှုနှင့် ငြိမ်းချမ်းရေးယဉ်ကျေးမှုကို တည်ဆောက်ရန် လိုအပ်ပါကြောင်း စသည်ဖြင့် အလေးပေးပြောကြားခဲ့ပါသည်။ ယင်းနောက် ယူနက်စကိုဌာနချုပ်အတွင်း လှည့်လည်လေ့လာ၍ ယူနက်စကို ညွှန်ကြားရေးမှူးချုပ် Dr. Khaled El-Enany က အဖွဲ့ဝင်နိုင်ငံများ၏ ငြိမ်းချမ်းရေး သဝဏ်လွှာများပါသော မှတ်တမ်းစာအုပ်ကို အထူးလက်ဆောင်အဖြစ် ပေးအပ်ခဲ့ပါသည်။
အဆိုပါမှတ်တမ်းစာအုပ်တွင် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သော မြန်မာနိုင်ငံကို ကိုယ်စားပြု၍ မြန်မာသံရုံးမှ မတူကွဲပြားမှုများကို အပြန်အလှန်နားလည်မှု၊ လေးစားမှုတို့ဖြင့် တန်ဖိုးထားခြင်းသည် ငြိမ်းချမ်းရေးနှင့် အတူတကွနေထိုင်ရေးအတွက် အရေးကြီးပါကြောင်း၊ ပညာရေး၊ ယဉ်ကျေးမှု၊ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်တို့သည် လူသားများနှင့် နိုင်ငံများ အကြား နားလည်မှု၊ ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကို တည်ဆောက်ပေးသည့် ပေါင်းကူးတံတားဖြစ်ပါကြောင်း၊ လူငယ်များ၏ပါဝင်မှုသည် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး ယဉ်ကျေးမှုကို ပျိုးထောင်ရန် အရေးပါကြောင်း၊ မတူကွဲပြားမှုများကို ဆွေးနွေးညှိနှိုင်းခြင်း၊ အပြန်အလှန်လေးစားခြင်းနှင့် အပြုသဘောဆောင်သော ပူးပေါင်းဆောင်ရွက်ခြင်းတို့သည့် ငြိမ်းချမ်းရေးကို တည်ဆောက်ရာတွင် အဓိကကျကြောင်းနှင့် ငြိမ်းချမ်းရေးသည် အတူလျှောက်လှမ်းရမည့် ခရီးလမ်းတစ်ရပ်၊ အတူမျှဝေယူရမည့် တာဝန်တစ်ရပ်နှင့် အနာဂတ်မျိုးဆက်များထံ လက်ဆင့်ကမ်းပေးရမည့် တည်တံ့သော အမွေအနှစ်တစ်ရပ်ဖြစ်ကြောင်း စသည်ဖြင့် မြန်မာနိုင်ငံကိုယ်စားပြု ငြိမ်းချမ်းရေးသဝဏ်လွှာကို ပါဝင်ရေးသားခဲ့ပါကြောင်း သိရှိရပါသည်။




