ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးဇော်ထွန်းဦးသည် အာဆီယံကော်မတီ(အော်တာဝါ) (ASEAN Committee in Ottawa – ACO) က ကြီးမှူး၍ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက်နေ့၊ (၁၈း၀၀) နာရီတွင် အော်တာဝါမြို့ရှိ အင်ဒိုနီးရှားသံရုံး၌ ကျင်းပခဲ့သည့် (၅၉) နှစ်မြောက် အာဆီယံနေ့အထိမ်းအမှတ်ဧည့်ခံပွဲအခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့ပါသည်။
အခမ်းအနားသို့ ကနေဒါနိုင်ငံခြားရေးဝန်ကြီး The Honourable Anita Anand က အဓိကဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့ပြီး၊ ကနေဒါလွှတ်တော်အမတ်များ၊ ကနေဒါနိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိများ၊ အာဆီယံနိုင်ငံများနှင့် အာဆီယံဆွေးနွေးဖက်နိုင်ငံများမှ သံအမတ်ကြီးများနှင့် ဖိတ်ကြားထားသည့် သံတမန်များ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားကို အာဆီယံသီချင်းနှင့် ကနေဒါနိုင်ငံတော်သီချင်းတို့ဖြင့် ဖွင့်လှစ်ခဲ့ပြီးနောက် အာဆီယံကော်မတီ (အော်တာဝါ) ၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သူ ကနေဒါနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံအမတ်ကြီး H.E Muhsin Syihab နှင့် အထူးဧည့်သည်တော်အဖြစ် တက်ရောက်လာသော ကနေဒါနိုင်ငံခြားရေးဝန်ကြီး The Honourable Anita Anand တို့က အသီးသီးမိန့်ခွန်းပြောကြားခဲ့ပါသည်။ ထို့နောက် မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခြင်း၊ အာဆီယံအတွင်းရေးမှူးချုပ် H.E Dr. Kao Kim Hourn ထံမှ ပေးပို့သည့် (၅၉) နှစ်မြောက် အာဆီယံနေ့အထိမ်းအမှတ် သဝဏ်လွှာကို Video Clip ဖြင့် ပြသခြင်း၊ တက်ရောက်လာသောဧည့်သည်တော်များအား အာဆီယံနိုင်ငံများ၏ ရိုးရာအစားအစာများဖြင့် တည်ခင်းဧည့်ခံခြင်း၊ ရိုးရာယဉ်ကျေးမှု သီဆိုကပြမှု အစီအစဉ်များနှင့် ဖျော်ဖြေဧည့်ခံပြီးနောက် အခမ်းအနားအား ရုပ်သိမ်းခဲ့ပါသည်။ မြန်မာသံရုံးအနေဖြင့် ကြာဇံချက်နှင့် ဆနွင်းမကင်းတို့ဖြင့် ပါဝင်ဧည့်ခံခဲ့ပြီး မြန်မာ့ရိုးရာသင်္ကြန်သီချင်းဖြင့် သီဆိုကပြဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရှိရပါသည်။




