မြန်မာသံရုံး၊ စင်ကာပူမြို့မှ သံရုံးယာယီတာဝန်ခံ/ သံအမတ် ဒေါက်တာဇော်မင်းအောင်သည် စင်ကာပူမြို့၊ Shangri-La Hotel တွင် ၁၈-၆-၂၀၂၆ ရက်နေ့မှ ၁၉-၆-၂၀၂၆ ရက်နေ့ထိ ကျင်းပပြုလုပ်သော (၄၇) ကြိမ်မြောက် အာရှ – ဥရောပဖောင်ဒေးရှင်း အုပ်ချုပ်ရေးမှူးများ အစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးကို ကိုရီးယားသမ္မတနိုင်ငံမှ အုပ်ချုပ်ရေးမှူး သံအမတ်ကြီး SUH Chung Ha က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပြီး အာရှ – ဥရောပ ဖောင်ဒေးရှင်း အဖွဲ့ဝင်နိုင်ငံများမှ အုပ်ချုပ်ရေးမှူးများနှင့် ကိုယ်စားလှယ်များ(၄၉)ဦးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် အုပ်ချုပ်ရေးမှူးများက ၂၀၂၆ ခုနှစ်အတွင်း သင်တန်းများနှင့် ဆွေးနွေးပွဲများကို အောင်မြင်စွာ ကျင်းပနိုင်ရေး၊ ၂၀၂၇ ခုနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး ၂၀၂၅ ခုနှစ်အတွက် ဘဏ္ဍာရေးစာရင်းရှင်းတမ်းများကို အတည်ပြုခဲ့ကြပါသည်။ ထို့ပြင် အစည်းအဝေးတွင် ဥရောပနိုင်ငံများမှ အဆိုပြုသည့် လတ်ဗီးယားနိုင်ငံမှ အုပ်ချုပ်ရေးမှူးအား ဥရောပဒေသ ကိုယ်စားပြု အမှုဆောင်ကော်မတီအဖွဲ့ဝင် အဖြစ်လည်းကောင်း၊ အာရှနိုင်ငံများမှ အဆိုပြုသည့် အင်ဒိုနီးရှားနိုင်ငံမှ အုပ်ချုပ်ရေးမှူးအား အာရှဒေသ ကိုယ်စားပြု ဘဏ္ဍာရေးနှင့် စာရင်းစစ်ကော်မတီ အဖွဲ့ဝင်အဖြစ်လည်းကောင်း အတည်ပြုခဲ့ကြပါသည်။



