မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီးက ပါရီမြို့ရှိ Rungis International Market သို့ သွားရောက်လေ့လာ(၁၇-၆-၂၀၂၆၊ ပါရီ)

ပြင်သစ်နိုင်ငံ၊ ပါရီမြို့ရှိ ကမ္ဘာ့အကြီးဆုံး အစားအစာနှင့် စားသောက်ကုန်ပစ္စည်းများ လက်ကားဖြန့်ဖြူး ရောင်းချရာ Rungis International Market သို့ မြန်မာသံရုံး၊ ပါရီမြို့မှ သံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးကျော်ညွန့်ဦးသည် အာဆီယံသံရုံးအချို့မှ သံအမတ်ကြီးများ၊ ဒုတိယသံရုံးအကြီး အကဲများ၊ စီးပွားရေးသံမှူးများနှင့်အတူ ၁၇-၆-၂၀၂၆ ရက်နေ့တွင် သွားရောက်လေ့လာခဲ့ပါသည်။
Rungis International Market မှ ပြင်သစ်နိုင်ငံ၏ အစားအစာနှင့် စားသောက်ကုန်များ ဖြန့်ဖြူးရောင်းချရာ ထောက်ပံ့ရေးလုပ်ငန်းစဉ်၏ အရေးပါသော အုတ်မြစ်တစ်ခုဖြစ်ပြီး နိုင်ငံတကာ ကုန်သွယ်ရေးကွန်ရက်အတွင်း ဗဟိုချက်တစ်ခုဖြစ်သည့် Rungis International Market ၏ လုပ်ဆောင်ချက်များနှင့် လုပ်ငန်းလည်ပတ်မှုများကို မိတ်ဆက်ပေးရန်ရည်ရွယ်၍ အဆိုပါလေ့လာရေး အစီအစဉ်ကို စီစဉ်ခြင်းဖြစ်ပါသည်။
လေ့လာရေးအစီအစဉ်တွင် Rungis International Market ရှိ ငါးနှင့်ပင်လယ်စာဈေး၊ အသားဈေး၊ သစ်သီးနှင့် ဟင်းသီးဟင်းရွက်ဈေး၊ ဒိန်ခဲ(ချိစ်)နှင့် နို့ထွက်ပစ္စည်းများဈေး၊ သစ်ပင်ပန်းမန်ဈေးနှင့် အသင့်ဖြန့်ဖြူးရန် ထုတ်ပိုးထားသော စားသောက်ကုန်ဌာနတို့ကို လိုက်လံပြသခဲ့ပြီး ဈေးကြီး၏ နေ့စဉ်လုပ်ငန်းဆောင်တာများကို ရှင်းပြခဲ့ပါသည်။ ယင်းနောက် Rungis International Market ၏ ဥက္ကဋ္ဌနှင့် CEO ဖြစ်သူ Mr. Stéphane Layani က နံနက်စာဖြင့်တည်ခင်းဧည့်ခံခဲ့ပါသည်။
Rungis International Market သည် ဟက်တာ ၂၃၄ ကျယ်ဝန်းပြီး သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်၊ အသား၊ ငါး၊ ပင်လယ်စာ၊ နို့ထွက်ပစ္စည်းများ၊ ပန်း/ပန်းပင်များနှင့် ကမ္ဘာတစ်ဝှမ်းမှ တင်သွင်းသည့် စားသောက်ကုန်များကို ပြင်သစ်နိုင်ငံတွင်းနှင့် အခြားဥရောပနိုင်ငံများသို့ အဓိဖြန့်ဖြူးရောင်းချသည့် နိုင်ငံတကာစျေးကြီးတစ်ခု ဖြစ်ပါသည်။ နှစ်စဉ်ကုန်သွယ်မှုတန်ဖိုး ယူရို ၉ ဘီလီယံခန့်ရှိပြီး Rungis International Market သည် အာရပ်စော်ဘွားများပြည်ထောင်စုတွင် Abu Dhabi Food Hub၊ ဖိလစ်ပိုင်နိုင်ငံတွင် New Clark City တို့နှင့် လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။