မြန်မာသံရုံး၊ စင်ကာပူမြို့ သံရုံးယာယီတာဝန်ခံ/ သံအမတ် ဒေါက်တာဇော်မင်းအောင်သည် ၁၁-၅-၂၀၂၆ ရက်နေ့၊ နံနက် ၁၁:၃၀ နာရီတွင် စင်ကာပူနိုင်ငံ၊ လူ့စွမ်းအားဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန် Mr. Stanley Loh က စင်ကာပူနိုင်ငံ အခြေစိုက် အာဆီယံနိုင်ငံသံရုံးအကြီးအကဲများကို တည့်ခင်းဧည့်ခံသည့် အလုပ်သဘောနေ့လယ်စာစားပွဲသို့ တက်ရောက်ခဲ့ပါသည်။
အဆိုပါ နေ့လယ်စာစားပွဲတွင် အမြဲတမ်းအတွင်းဝန် Mr. Stanley Loh က စင်ကာပူနိုင်ငံ၏ ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ရွှေ့ပြောင်းအလုပ်သမားများ၏ အခန်းကဏ္ဍမှာ အရေးကြီးပါ ကြောင်း၊ စင်ကာပူနိုင်ငံတွင် အလုပ်သမားလိုအပ်ချက်များကြောင့် လူငယ်အလုပ်သမားအသစ်များ ဆက်လက် ခေါ်ယူသွားရန်ရှိကြောင်း၊ အစိုးရအနေဖြင့် ရွှေ့ပြောင်းအလုပ်သမားများအတွက် အဆောင်နေအိမ်ခန်းများ တိုးချဲ့ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၎င်းတို့အတွက် ကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဈေးနှုန်းသက်သာသော ကျန်းမာရေးအာမခံများထားရှိနိုင်ရေးကို လည်း အလုပ်ရှင်များနှင့် ညှိနှိုင်း ဆောင်ရွက်ရန် စီစဉ်လျက်ရှိပါကြောင်း၊ အလုပ်သမားများအတွက် လိုအပ်သော ကောင်စစ် ရေးရာကိစ္စရပ်များကို ကူညီဆောင်ရွက်ပေးနေသော သက်ဆိုင်ရာ အာဆီယံ သံရုံးများကိုလည်း ကျေးဇူးတင်ရှိကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။
သံရုံးယာယီတာဝန်ခံ/ သံအမတ်က စင်ကာပူနိုင်ငံတွင် အလုပ်လုပ်ကိုင်လျက်ရှိသော မြန်မာ အလုပ်သမားများအတွက် လိုအပ်သောအကူအညီများ ပံ့ပိုးပေးမှုအတွက် လူ့စွမ်းအားဝန်ကြီးဌာနကို ကျေးဇူးတင်ရှိပါကြောင်း၊ သံရုံးအနေဖြင့်လည်း မြန်မာနိုင်ငံသားအလုပ်သမားများအတွက် လိုအပ် သော ကောင်စစ်ရေးရာအကူအညီများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံသားများ၊ မြန်မာနိုင်ငံမှ လာရောက်အလုပ်လုပ်ကိုင်နေသော အလုပ်သမားများအတွက် လည်း မြန်မာသံရုံးအနေဖြင့် တက်နိုင်သမျှ ဆက်လက်ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ မြန်မာသံရုံးနှင့် လူ့စွမ်းအားဝန်ကြီးဌာနကြား ပူးပေါင်းဆောင်ရွက်မှုများကိုလည်း ပိုမိုတိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။




