ပါရီမြို့ရှိ အာဆီယံကော်မတီအစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၈ ရက်၊ ဒေသစံတော်ချိန် ၁၀၀၀ နာရီတွင် အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် မလေးရှားသံအမတ်ကြီးမှ ကျင်းပပြုလုပ်ခဲ့ရာ ပါရီမြို့ အခြေစိုက် အာဆီယံသံရုံး အကြီးအကဲများနှင့်အတူ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးကျော်ညွန့်ဦး ပါဝင်တက်ရောက်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးတွင် ပါရီမြို့ရှိ အာဆီယံ ကော်မတီ၏ ဆောင်ရွက်ချက်များ၊ ရှေ့ဆက်ဆောင်ရွက်မည့်အစီအစဉ်များနှင့် ၂၀၂၆ ခုနှစ်တွင် ဖိလစ်ပိုင် နိုင်ငံက အာဆီယံအဖွဲ့ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များကို အာဆီယံသံရုံး အကြီးအကဲများအကြား အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။
ယင်းနောက် ပါရီမြို့ရှိ အာဆီယံကော်မတီ၏ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို မလေးရှားသံအမတ်ကြီးမှ မြန်မာသံအမတ်ကြီးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီးက အလှည့်ကျဥက္ကဋ္ဌတာဝန်ကို လွှဲပြောင်းရယူပြီးနောက် မြန်မာနိုင်ငံအနေဖြင့် ပါရီမြို့ရှိ အာဆီယံ ကော်မတီ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်စဉ်ကာလအတွင်း အာဆီယံနိုင်ငံများ၏ ယဉ်ကျေးမှုများနှင့် ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာများကို ပိုမိုမြှင့်တင်နိုင်ရေး ဆောင်ရွက်သွားရန် ရည်မှန်းထားပါကြောင်း၊ ပါရီမြို့ရှိ အာဆီယံနိုင်ငံများအကြား ချစ်ကြည်ရင်းနှီးမှုနှင့် စည်းလုံး ညီညွတ်မှုကို ဆက်လက်ထိန်းသိမ်း၍ အဖွဲ့နိုင်ငံများအားလုံးနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း စသည်ဖြင့် အလေးထားပြောကြားခဲ့ကြောင်း သိရှိရပါသည်။



