(၂၃-၁-၂၀၂၆ ရက်၊ ဟနွိုင်း)
ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးဝေလင်း သည် ဗီယက်နမ်နိုင်ငံ ဆိုင်ရာ ဖိလစ်ပိုင်သံအမတ်ကြီးအဖြစ်ခန့်အပ်ရန် သဘောတူညီထားသည့် H.E. Mr. Francisco Noel R. Fernandez III အား ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်၊ နံနက် ၁၀၃၀ နာရီအချိန်တွင် မြန်မာသံရုံး ဧည့်ခန်းမ၌လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးသောဆက်ဆံရေး ပိုမိုခိုင်မာစေရေး၊ အာဆီယံ မူဘောင်အောက်တွင် အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်ဖော်ဆောင်ရေးနှင့် ဟနွိုင်းမြို့အခြေစိုက် နှစ်နိုင်ငံသံရုံးများအကြား ပူးပေါင်းဆောင်ရွက်မှုများမြှင့်၍ နှစ်နိုင်ငံအကျိုး စီးပွားဖော်ဆောင်သွားနိုင်ရေးတို့ကို ခင်မင်ရင်းနှီးစွာအမြင်ချင်းဖလှယ်ခဲ့ကြပါသည်။ ထို့ပြင် မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး က မြန်မာနိုင်ငံ၌ အထွေထွေရွေးကောက်ပွဲ ပထမအဆင့်နှင့် ဒုတိယအဆင့် ကျင်းပပြီးစီးမှုနှင့် တတိယအဆင့် ဆက်လက်ကျင်းပရန်ရှိမှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပါသည်။



