(၃၀-၃-၂၀၂၆ ရက်၊ နေပြည်တော်)
မြန်မာသံတမန်သင်တန်းကျောင်း၊ သံတမန်ရေးရာဘွဲ့လွန်ဒီပလိုမာသင်တန်း အမှတ်စဉ် (၁/၂၀၂၅) သင်တန်းဆင်းပွဲအခမ်းအနားကို ၃၀-၃-၂၀၂၆ ရက် (တနင်္လာနေ့)၊ နံနက် (၁၀:၀၀) နာရီ တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်ရှိ လောကနတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော်၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာသံတမန်သင်တန်းကျောင်း အတိုင်ပင်ခံပညာရှင်များအဖွဲ့၊ Naypyitaw State Academy မှ ပါမောက္ခချုပ်နှင့် သင်ကြားရေးအဖွဲ့ အဖွဲ့ဝင်များ၊ သံတမန်ရေးရာဘွဲ့လွန်ဒီပလိုမာ အမှတ်စဉ် (၁/၂၀၂၅) နေပြည်တော်တန်းခွဲနှင့် ရန်ကုန်တန်းခွဲတို့၏ သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
သင်တန်းဆင်းပွဲအခမ်းအနားတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော်က သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး သင်တန်းပြီးမြောက်ကြောင်းလက်မှတ်များ ပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်က ထူးချွန်ဆုရရှိသူများကို ဆုများပေးအပ်ချီးမြှင့်ခဲ့ပါသည်။
သံတမန်ရေးရာဘွဲ့လွန်ဒီပလိုမာသင်တန်း အမှတ်စဉ် (၁/၂၀၂၅)ကို နေပြည်တော်နှင့် ရန်ကုန်တို့တွင် တန်းခွဲ (၂)ခုဖြင့် ၂၃-၆-၂၀၂၅ ရက်မှ ၂၆-၃-၂၀၂၆ ရက်အထိ သင်တန်းကာလ စုစုပေါင်း (၈)လကြာ ဖွင့်လှစ်သင်ကြားခဲ့ပြီး၊ အစိုးရအဖွဲ့အစည်းအသီးသီးနှင့် ဝန်ကြီးဌာနများမှ ဝန်ထမ်းများ၊ ပုဂ္ဂလိကကဏ္ဍမှ သံတမန်ရေးရာနှင့် နိုင်ငံတကာဆက်ဆံရေးဆိုင်ရာများကို စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြပြီး စုစုပေါင်း (၁၀၄)ဦး တက်ရောက်အောင်မြင်ခဲ့ပြီး၊ အဆိုပါ သံတမန်ရေးရာ ဘွဲ့လွန်ဒီပလိုမာသင်တန်း အမှတ်စဉ် (၁/၂၀၂၅)၏ ဘွဲ့လက်မှတ်များကို Naypyitaw State Academy တွင် ၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာလအတွင်းပြုလုပ်မည့် ဘွဲ့နှင်းသဘင်အခမ်းအနားတွင် ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်းသိရှိရပါသည်။








