မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာနှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော်ကို မြန်မာသံရုံး၊ ပေကျင်းမြို့၌ စည်ကားသိုက်မြိုက်စွာကျင်းပ(၁၄-၄-၂၀၂၃ ရက်)

(၁၄-၄-၂၀၂၃ ရက်၊ ပေကျင်း)

မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာနှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော်ကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၄ ရက်နေ့တွင် မြန်မာသံရုံး၊ ပေကျင်းမြို့၌ စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။ အဆိုပါသင်္ကြန်ပွဲတော်အခမ်းအနားသို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီးကျွမ့်၊ အာဆီယံ-တရုတ်စင်တာ၊ အတွင်းရေးမှူးချုပ် မစ္စတာရှီကျုံးကျွင့်၊ တရုတ်နိုင်ငံဆိုင်ရာနီပေါသံအမတ်ကြီး၊ ပေကျင်းမြို့အခြေစိုက် အာဆီယံ သံရုံးများမှ သံတမန်များ၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ တရုတ်နိုင်ငံတွင် ပညာသင်ကြားလျက်ရှိသည့် မြန်မာကျောင်းသား/ကျောင်းသူများ၊ ပေကျင်းတက္ကသိုလ်ရှိ မြန်မာစာသင်ကြားနေသည့် တရုတ်ကျောင်းသား/ကျောင်းသူများ၊ မြန်မာစာဆရာမများ၊ ပေကျင်းမြို့ရှိမြန်မာအသိုင်းအဝိုင်းနှင့် ဖိတ်ကြားထားသည့်ဧည့်သည်တော်များ တက်ရောက်ခဲ့ပါသည်။

ရှေးဦးစွာ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေ ကနှစ်သစ်မင်္ဂလာဆုမွန်ကောင်း အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး မြန်မာသံအမတ်ကြီး၊ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူး ကိုယ်စားလှယ်၊ အာဆီယံ-တရုတ်စင်တာ အတွင်းရေးမှူးချုပ်၊ တရုတ်နိုင်ငံဆိုင်ရာ နီပေါသံအမတ်ကြီး တို့က မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော် အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့သည်။ ပေကျင်းမြို့၊ မြန်မာသံရုံးနှင့်မြန်မာစစ်သံရုံးတို့မှ ဝန်ထမ်းများနှင့်မိသားစုဝင်များ၊ မြန်မာကျောင်းသား/ ကျောင်းသူများက မြူမှောင်ဝေကင်း အဖွင့်သီချင်းဖြင့် ကပြဖျော်ဖြေခဲ့ပြီး သံအမတ်ကြီးက ဧည့်ပရိတ်သတ်များအား ပိတောက်ခက်ဖြင့် အတာရေပက်ဖျန်းခဲ့ပါသည်။

ထို့နောက် ပေကျင်းမြို့၊ မြန်မာသံရုံး၊ မြန်မာစစ်သံရုံး၊ မြန်မာကျောင်းသား/ ကျောင်းသူများ၊ မြန်မာစာသင်ကြားနေသည့် တရုတ်ကျောင်းသား/ ကျောင်းသူများက မဟာသင်္ကြန် ယိမ်းအကများဖြင့် ပါဝင်သီဆိုကပြဖျော်ဖြေခဲ့ကြပါသည်။

ကြွရောက်လာကြသည့် ဧည့်သည်တော်များအား မြန်မာ့ရိုးရာမုန့်ဟင်းခါး၊ ရခိုင်မုန့်တီ၊ မုန့်လုံးရေပေါ်၊ သာကူစသည့် မြန်မာ့ရိုးရာအစားအစာများဖြင့် တည့်ခင်းဧည့်ခံခဲ့ပြီး မြန်မာ သံရုံး၊ ပေကျင်းမြို့၏ နှစ်သစ်ကူးအတာ သင်္ကြန်ပွဲတော်အား မြနန္ဒာသီချင်းဖြင့် ပိတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။