(၂၂-၅-၂၀၂၅ ရက်၊ နန်နင်း)
၂၈-၃-၂၀၂၅ ရက်နေ့တွင် မြန်မာနိုင်ငံ၌ အင်အား ၇.၇ အဆင့်ရှိ အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့ရာ ငလျင်ဘေးသင့်ပြည်သူများအတွက် ကွမ်ရှီးဒေသ၊ ကွေ့လင်မြို့ရှိ မြန်မာနိုင်ငံမှ သဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ချီရှားကျောင်းတိုက်ဆရာတော် Ven. Qianze ၏ ညှိနှိုင်း ဆောင်ရွက်ပေးမှုဖြင့် Guangxi Hezhou SEAMILD Biological Food Co. Ltd မှ လှူဒါန်းသော ယွမ် (၂၅,၉၄၁) တန်ဖိုးရှိ Seamild အမှတ်တံဆိပ် အုတ်ဂျုံမှုန့် ပုံး (၁၀၀)ကိုလည်းကောင်း၊ လျှိုကျိုးမြို့နိုင်ငံခြားရေးရုံးမှ လှူဒါန်းငွေ ယွမ်(၅၀၀,၀၀၀)ကိုလည်းကောင်း၊ ကွမ်ရှီးဂေဟဗေဒ နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနမှ လှူဒါန်းငွေ ယွမ် (၆၇,၅၀၀) ကိုလည်းကောင်း အသီးသီး လှူဒါန်းခဲ့ရာ ကောင်စစ်ဝန်ချုပ် ဒေါ်ခိုင်ဆုလင်းမှ လက်ခံခဲ့ကာ ကျေးဇူးတင်မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါသည်။
အဆိုပါ Seamild အမှတ်တံဆိပ် အုတ်ဂျုံမှုန့် (၀.၇)တန် မြန်မာကောင်စစ်ဝန်ချုပ်ရုံး၏ စီစဉ်ဆောင်ရွက်ပေးမှုဖြင့် ၂၁-၅-၂၀၂၅ ရက်နေ့တွင် နန်နင်းမြို့မှ ရန်ကုန်မြို့သို့ ပြေးဆွဲသည့် ကုန်တင်လေကြောင်းအမှတ် – UB8504 ဖြင့် ဆက်လက်ပို့ဆောင်ပေးခဲ့ပါသည်။
အဆိုပါလှူဒါန်းပစ္စည်းများကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများက လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်ဇေယျဝင်းထံသို့ ၂၂-၅-၂၀၂၅ ရက်နေ့တွင် ဆက်လက် လွှဲပြောင်းပေးအပ်ခဲ့ပြီး သက်ဆိုင်ရာ ငလျင်ဘေးသင့်ဒေသများရှိ ပြည်သူများထံ အမြန်ဆုံး ဖြန့်ဝေပေးပို့လှူဒါန်းသွားမည်ဖြစ်ပါသည်။



