(၈-၂-၂၀၂၃ ရက်၊ ပေကျင်း)
မြန်မာနိုင်ငံ၏ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ဧည့်ခံပွဲအခမ်းအနားနှင့် မြန်မာ့ခရီးသွားလာမှုမြှင့်တင်ရေးဆိုင်ရာဓာတ်ပုံပြပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့က မြန်မာသံရုံး၊ ပေကျင်းမြို့၌ ၁၂၀၀ နာရီမှ ၁၄၀၀ နာရီအထိကျင်းပခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ တရုတ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ လက်ထောက်ဝန်ကြီး Mr. Nong Rong မှ အထူးဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိကြီးများနှင့် တာဝန်ရှိသူများ၊ တရုတ်နိုင်ငံ၊ စိုက်ပျိုးရေးနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ အရာရှိကြီးများ၊ တရုတ်နိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အရာရှိကြီးများ၊ ပေကျင်းမြို့အခြေစိုက် နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများနှင့် သံတမန်များ၊ အာဆီယံ-တရုတ်စင်တာ၏ အတွင်းရေးမှူးချုပ်၊ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်း၏ အထွေထွေအတွင်းရေးမှူးချုပ်၊ ကူမင်းမြို့၊ နန်နင်းမြို့နှင့် ဟောင်ကောင်အခြေစိုက် မြန်မာကောင်စစ်ဝန်ချုပ်များ၊ တရုတ်နိုင်ငံ၊ ဗုဒ္ဓ ဘာသာအသင်း၊ ဒုတိယအတွင်းရေးမှူးချုပ် ဆရာတော် ချန်းကျန့်၊ တရုတ်နိုင်ငံရှိ စီးပွားရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ မြန်မာ-တရုတ် ချစ်ကြည် ရင်းနှီးမှုမြှင့်တင်လျက်ရှိသည့် တရုတ်နိုင်ငံရှိ အဖွဲ့အစည်းများမှတာဝန်ရှိသူများ၊ တရုတ်နိုင်ငံတွင်ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား/ကျောင်းသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဝဏ္ဏကျော်ထင် ဦးတင်မောင်ဆွေမှ မြန်မာနိုင်ငံ၏ လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်း၊ မြန်မာနိုင်ငံ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့် မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုး တက်ရေးအတွက် ဦးတည်ချက် ၁၂ ရပ်ချမှတ်၍ ကြိုးပမ်း ဆောင်ရွက်နေမှုအခြေအနေများ၊ မြန်မာ-တရုတ် ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုပိုမို တိုးတက်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည့်ကိစ္စရပ်များကို ထည့်သွင်းလျက် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဧည့်ခံပွဲ ဂုဏ်ပြုမိန့်ခွန်း ပြောကြားခဲ့ပါသည်။ ထို့နောက် သံအမတ်ကြီးနှင့် တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန၊ လက်ထောက်ဝန်ကြီးတို့သည် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှု ပိုမိုတိုးတက်မြင့်မားရေးအတွက် ဂုဏ်ပြု ဆုတောင်းခဲ့ကြပါသည်။ ၎င်းနောက် ကြွရောက်လာကြသည့် ဧည့်သည်တော်များအား မြန်မာ့အကအလှနှင့် ဖျော်ဖြေခဲ့ပြီး မြန်မာ့အစားအစာများနှင့် တည့်ခင်းဧည့်ခံခဲ့ကြောင်း သိရှိရပါသည်။











