မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒနှင့် လှုပ်ရှားဆောင်ရွက်မှုများကို  ဗီယင်နာမြို့ အခြေစိုက် မြန်မာအမြဲတမ်းကိုယ်စားလှယ်က ရှင်းလင်းပြောကြား(၁-၂-၂၀၂၃ ရက်)

(၁-၂-၂၀၂၃ ရက်၊ ဗီယင်နာ)
 
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးထိန်းချုပ်ရေးဘုတ်အဖွဲ့ (International Narcotics Control Board-INCB) က မကြာမီ ထုတ်ဝေမည့် ၂၀၂၂ ခုနှစ်အတွက် နှစ်စဉ်အစီရင်ခံစာ၊ နှစ်စဉ်အစီရင်ခံစာ၏နောက်ဆက်တွဲ အစီရင်ခံစာနှင့် ဓာတုပစ္စည်းဆိုင်ရာ အစီရင်ခံစာများနှင့် ပတ်သက်၍ ရှင်းလင်းပွဲအခမ်းအနားကို ၁-၂-၂၀၂၃ ရက်တွင် ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့ရှိ အပြည်ပြည်ဆိုင်ရာစင်တာ၌ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးမင်းသိမ်းနှင့် ဘာသာရပ်တာဝန်ခံ သံမှူး ဦးရဲမောင်သိမ်းတို့ တက်ရောက်ခဲ့ပါသည်။ 
 
အခမ်းအနား၌ မြန်မာအမြဲတမ်းကိုယ်စားလှယ်က မြန်မာနိုင်ငံအစိုးရ၏ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒများနှင့် လှုပ်ရှားဆောင်ရွက်မှုများကို ရှင်းလင်းပြောကြားခဲ့ရာတွင် မြန်မာနိုင်ငံသည် မူးယစ်ဆေးဝါး ထိန်းချုပ်ကာကွယ်တိုက်ဖျက်ရေးဆိုင်ရာ ကွန်ဗင်းရှင်း (၃) ခု စလုံးအား လက်မှတ်ရေးထိုးထားသည့် နိုင်ငံဖြစ်သည့်အတွက် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (United Nations Office on Drugs and Crime-UNODC)၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများ၊ မဲခေါင်ဒေသတွင်း နိုင်ငံများနှင့် ဘင်းမ်စတက်ခ်အဖွဲ့ဝင်နိုင်ငံများနှင့် အစဉ်တစိုက်ပူးပေါင်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါး ပြဿနာဖြေရှင်းနိုင်ရေးကို ဦးစားပေး အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် သတ်မှတ်လျက် ဘက်ပေါင်းစုံချဉ်းကပ်မှုများ ပါဝင်သည့် အမျိုးသား မူးယစ်ဆေးဝါးထိန်းချုပ်ရေး မူဝါဒသစ်တစ်ရပ်အား ရေးဆွဲထုတ်ပြန်ခဲ့ပြီး အဆိုပါမူဝါဒသစ်အား အထောက်အကူပြုမည့် အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်ကိုလည်း ရေးဆွဲခဲ့ပြီးဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဓာတုပစ္စည်းများ(precursors) တင်သွင်းမှုကို နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းစောင့်ကြပ်ကြည့်ရှု စစ်ဆေးဆောင်ရွက်လျက် ရှိပါကြောင်း စသည်ဖြင့် ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။