(၅-၁၂-၂၀၂၅ ရက်၊ နန်နင်း)
မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ၊ ကွမ်ရှီးဒေသအကြား ဉာဏ်ရည်တုနည်းပညာ (AI) ကဏ္ဍ၌ ဖလှယ်မှုများ ပြုလုပ်နိုင်ရန်အတွက် စီစဉ်ပြုလုပ်သော AI နည်းပညာဆိုင်ရာသင်တန်းအစီအစဉ် သို့ တက်ရောက်ရန် မြန်မာနိုင်ငံ၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဒေါက်တာ အောင်ဇေယျ ဦးဆောင်သော အဖွဲ့ဝင် (၂၀)ပါ ကိုယ်စားလှယ်အဖွဲ့သည် နန်နင်းမြို့သို့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်နေ့မှ (၆)ရက်နေ့အထိ လာရောက်လျက်ရှိပါသည်။
အဆိုပါခရီးစဉ်အတွင်း ၅-၁၂-၂၀၂၅ ရက်နေ့၊ နေ့လယ် (၁၅၀၀)နာရီတွင် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျအား ကွမ်ရှီး CPC ပါတီ အတွင်း ရေးမှူး Mr. Chen Gang သည် ကွမ်ရှီးကွန်မြူနစ်ပါတီကော်မတီရုံးတွင် လက်ခံတွေ့ဆုံခဲ့ရာ နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဒေါ်ခိုင်ဆုလင်း ပါဝင်တက်ရောက်ခဲ့ ပါသည်။
ထိုသို့တွေ့ဆုံစဉ် Mr. Chen Gang က ကွမ်ရှီးဒေသအနေဖြင့် AI နည်းပညာများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် AI သုတေသနပြုမှု၊ အသုံးချမှုနှင့် ပညာရှင်များမွေးထုတ်မှု၊ AI ပူးပေါင်း ဆောင်ရွက်မှုတွင် အာဆီယံဗဟိုပြုသည့် အခြေစိုက်နေရာဖြစ်လာစေရန် အရှိန်မြှင့်တင် ကြိုးပမ်းနေမှုများကို ရှင်းလင်းပြောကြားခဲ့ကာ မြန်မာနိုင်ငံ၌ China-ASEAN AI Application Cooperation Center ၏ ရုံးခွဲဖွင့်လှစ်နိုင်ရေးအပြင် စွမ်းအင်သစ်နည်းပညာကဏ္ဍ စသည်တို့ ၌လည်း ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရေး ဆွေးနွေးခဲ့ပါသည်။
ဒုတိယဝန်ကြီး၊ ဒေါက်တာအောင်ဇေယျ က မြန်မာနိုင်ငံတွင် AI နည်းပညာနှင့် အသုံးချမှု များ မြှင့်တင်နိုင်ရေး မူဝါဒများ ချမှတ်ကာ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားခဲ့ကာ နှစ်နိုင်ငံဆက်ဆံရေးတွင် သံတမန်ဆက်ဆံရေးတည်ထောင်သည့် (၇၅)နှစ်မြောက် စိန်ရတုနှစ်လည်းဖြစ်သည့်အလျောက် ဆွေးမျိုးပေါက်ဖော်ဆက်ဆံရေးကို ပိုမို ခိုင်မြဲစေရန်အတွက် ကွမ်ရှီးဒေသနှင့် အဆင့်မြင့်နည်းပညာသုံးစိုက်ပျိုးရေး၊ ဆိုက်ဘာ လုံခြုံရေး နှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများတွင် AI အသုံးပြုမှု မြှင့်တင် ရေးတွင် အရည်အချင်းမြှင့်သင်တန်းများပေးခြင်း၊ အခြေခံအဆောက်အဦများ တည်ထောင်ခြင်း စသည်တို့တွင် ကွမ်ရှီးဒေသနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်သွားရေးတို့ကို ပြန်လည် ဆွေးနွေးခဲ့ပါသည်။



