မြန်မာနိုင်ငံမှ သီရိလင်္ကာနိုင်ငံသို့ လှူဒါန်းသည့် ဆန်တန်ချိန် ၅၀၀ လွှဲပြောင်းပေးအပ်မှု အခမ်းအနားကျင်းပ

(၉-၂-၂၀၂၆ ရက်၊ ကိုလံဘို)

ဒီဝါဆိုင်ကလုန်းမုန်တိုင်းဒဏ် ထိခိုက်ခံစားခဲ့ရသော သီရိလင်္ကာနိုင်ငံပြည်သူများအတွက် မြန်မာနိုင်ငံမှ လှူဒါန်းသော ဆန်တန်ချိန် ၅၀၀ (အိတ် ၁၀,၀၀၀) လွှဲပြောင်းပေးအပ်မှု အခမ်းအနားကို ၉-၂-၂၀၂၆ ရက် (တနင်္လာနေ့)၊ ၁၀၃၀ နာရီတွင် ကိုလံဘိုဆိပ်ကမ်း၌ ကျင်းပခဲ့ပါသည်။

အခမ်းအနားတွင် မြန်မာသံအမတ်ကြီး ဒေါ်မာလာသန်းထိုက်က သီရိလင်္ကာကုန်သွယ် ရေး၊ ကူးသန်းရောင်းဝယ်ရေး၊ စားနပ်ရိက္ခာ ဖူလုံရေးနှင့် သမဝါယမဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး မစ္စတာဝါဆန်သာ ဆာမာရာဆင်ဟဲ ထံသို့ ဆန်အိတ်များ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ သီရိလင်္ကာနိုင်ငံခြားရေး၊ ပြည်ပအလုပ်အကိုင်ရေးရာနှင့် ခရီးသွားလာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် မစ္စ ချာမာရီ ရိုဒီရေဂို၊ သီရိလင်္ကာဘေးအန္တရာယ်စီမံခန့်ခွဲရေးစင်တာနှင့် ဆိပ်ကမ်းအာဏာပိုင်မှ တာဝန်ရှိသူများနှင့် မြန်မာသံရုံး၊ ကိုလံဘိုမြို့မှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားအပြီးတွင် သီရိလင်္ကာကုန်သွယ်ရေး၊ ကူးသန်းရောင်းဝယ်ရေး၊ စားနပ်ရိက္ခာဖူလုံရေးနှင့် သမဝါယမဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးက မြန်မာနိုင်ငံမှ ဆန်လှူဒါန်းမှုအား ကျေးဇူးတင်ရှိကြောင်းနှင့် မြန်မာသံအမတ်ကြီးက သီရိလင်္ကာပြည်သူများနှင့်အတူ ရပ်တည်လျက်ရှိကြောင်းနှင့် နှစ်နိုင်ငံဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မီဒီယာများသို့ အသီးသီးပြောကြားခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသူများက မှတ်တမ်းတင်ဓာတ်ပုံများ အတူတကွ ရိုက်ကူးခဲ့ကြောင်း သိရှိရပါသည်။