(၉-၂-၂၀၂၆၊ တိုကျို)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတက ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက် (အမျိုးသားနေ့)တွင် သီရိဇေယျကျော်တံဆိပ်များကို ချီးမြှင့်အပ်နှင်းခဲ့သည့် ဂုဏ်ထူးဆောင်ကောင်စစ်ဝန်များဖြစ်သည့် နာဂိုယာမြို့ ဂုဏ်ထူးဆောင် ကောင်စစ်ဝန် Mr. Toshio Nishimura နှင့် ကိုဘေးမြို့ ဂုဏ်ထူးဆောင် ကောင်စစ်ဝန် Mr. Noriatsu Otomori တို့အား ဂုဏ်ထူးဆောင်တံဆိပ် ချီးမြှင့်အပ်နှင်းသည့် အခမ်းအနားကို မြန်မာသံရုံး၊ တိုကျိုမြို့ရှိ ဧရာဝတီခန်းမတွင် ၉-၂-၂၀၂၆ ရက် (တနင်္လာနေ့)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး၊ ဦးကျော်ထွန်းက သီရိဇေယျကျော်တံဆိပ် ချီးမြှင့်အပ်နှင်းခံရသည့် Mr. Toshio Nishimura နှင့် Mr. Noriatsu Otomori တို့အတွက် ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကျင်းပရခြင်း ရည်ရွယ်ချက်နှင့် ဝမ်းမြောက်ဂုဏ်ပြုစကားပြောကြားခဲ့ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတကိုယ်စား သီရိဇေယျကျော်တံဆိပ်အား ချီးမြှင့်အပ်နှင်းခဲ့ပါသည်။
ဂုဏ်ထူးဆောင်ကောင်စစ်ဝန် (၂) ဦးမှလည်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ယာယီသမ္မတက ချီးမြှင့်အပ်နှင်းသည့် သီရိဇေယျကျော်တံဆိပ်ကို လက်ခံရရှိသည့်အတွက် အထူးပင်ဂုဏ်ယူဝမ်းမြောက်ပါကြောင်းဖြင့် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။
သီရိဇေယျကျော်တံဆိပ်ချီးမြှင့်အပ်နှင်းပွဲအခမ်းအနားသို့ သံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီးနှင့် ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ ဂုဏ်ထူးဆောင်ကောင်စစ်ဝန် ၂ ဦးနှင့် ၎င်းတို့၏ ဇနီးများ၊ စစ်သံမှူးနှင့်ဇနီး၊ မြန်မာသံရုံးဝန်ထမ်းများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။



