(၁၇-၄-၂၀၂၃ ရက်၊ မော်စကို)
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ မြန်မာထေရဝါဒဗုဒ္ဓဝိဟာရကျောင်းတိုက် (မော်စကိုမြို့) တွင် သီတင်းသုံးလျက်ရှိသည့် ဆရာတော်နှစ်ပါးထံ ချီးမြှင့်ခဲ့သည့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များအား ဆက်ကပ်လှူဒါန်းခြင်းနှင့် မြန်မာနှစ်သစ်ကူး အန္တရာယ်ကင်းပရိတ် တရားတော်နာကြားခြင်း အခမ်းအနားကို ကောဇာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့၊ ၁၇-၄-၂၀၂၃ ရက်၊ မော်စကိုစံတော်ချိန် ၁၄၀၀ နာရီ၌ မြန်မာသံရုံး၊ မော်စကိုမြို့တွင် ကျင်းပခဲ့ပါသည်။
အခမ်းအနားသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဝဏ္ဏကျော်ထင် စည်သူ ဦးလွင်ဦးနှင့်ဇနီး၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် မိုးကျော်နှင့်ဇနီး၊ မြန်မာသံရုံးနှင့် မြန်မာစစ်သံရုံး မိသားစုများ၊ မော်စကိုမြို့၌ ပညာသင်ကြားနေသည့် ကျောင်းသားကျောင်းသူများမှ ကုသိုလ်ပြု ပါဝင်တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားသို့ တက်ရောက်လာကြသူများက မော်စကိုမြို့ရှိ မြန်မာထေရဝါဒဗုဒ္ဓဝိဟာရကျောင်းတိုက် ကျောင်းထိုင်ဆရာတော် မဟာသဒ္ဓမဇောတိကဓဇ၊ ဒေါက်တာ ဘဒ္ဒန္တ အစ္ဆရိယ ထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ပြီး၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲကို ကျင်းပခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ကိုယ်စား မြန်မာသံအမတ်ကြီးမှ ကျောင်းထိုင်ဆရာတော် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ အစ္ဆရိယအား ဓမ္မကထိကဗဟုဇနဟိတဓရ ဘွဲ့တံဆိပ်တော်အား လည်းကောင်း၊ လက်ထောက်ကျောင်းထိုင်ဆရာတော် သဒ္ဓမဇောတိကဓဇ၊ ဘဒ္ဒန္တ နန္ဒမာလာလင်္ကာရအား မဟာသဒ္ဓမဇောတိကဓဇ ဘွဲ့တံဆိပ်တော်အား လည်းကောင်း ဆက်ကပ်လှူဒါန်းခဲ့ပြီး ဝမ်းမြောက်ကြောင်း ဂုဏ်ပြုစကား လျှောက်ထားပြောကြားခဲ့ပါသည်။
ထို့နောက် သံဃာတော် အရှင်သူမြတ်များက နှစ်သစ်ကူးအန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ပွားသရဇ္ဈာယ်ခဲ့ကြရာ တက်ရောက်လာသည့် ဧည့်ပရိသတ်အပေါင်းတို့မှ ပရိတ်တရားတော်များ နာယူကြည်ညိုခဲ့ကြပြီးနောက် မြန်မာသံအမတ်ကြီးနှင့်ဇနီး၊ မြန်မာသံရုံး ဝန်ထမ်းမိသားစုများက သံဃာတော်များထံသို့ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။





