မြန်မာတောင်သူလယ်သမားများအား အထောက်အကူပြုနိုင်ရေးအတွက် မြန်မာသံရုံး (လန်ဒန်မြို့) ၌ သုံးပွင့်ဆိုင်အစည်းအဝေးကျင်းပခဲ့ခြင်း (၂၆-၈-၂၀၂၆၊ လန်ဒန်)

မြန်မာတောင်သူလယ်သမားများအား နိုင်ငံတကာအဆင့်မီ စိုက်ပျိုးရေးနည်းပညာများရရှိနိုင်ရေး၊ တောင်သူလယ်သမားများ ကြုံတွေ့နေရသော စိုက်ပျိုးနှင့်မွေးမြူရေးဆိုင်ရာ အခက်အခဲများအား ကူညီဖြေရှင်းပေးနိုင်ရေး၊ စိုက်ပျိုးရေးထွက်ကုန်များကို နိုင်ငံတကာအဆင့်အတန်းပြည့်မီစေရေးတို့အတွက် မြန်မာသံရုံး၊ လန်ဒန်မြို့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ဗြိတိန်အခြေစိုက် နိုင်ငံတကာစိုက်ပျိုးရေးနည်းပညာအဖွဲ့အစည်းဖြစ်သည့် CABI (Centre for Agriculture and Biosciences International) တို့အကြား သုံးပွင့်ဆိုင် အစည်းအဝေးတစ်ရပ် (Tripartite Meeting) ကို ၂၅-၈-၂၀၂၆ ရက်နေ့တွင် အွန်လိုင်းမှတစ်ဆင့် မြန်မာသံရုံး (လန်ဒန်မြို့) မှ ဦးဆောင်၍ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးကျော်ဆွေလင်း ဦးဆောင်သော မြန်မာစိုက်ပျိုးရေးပညာရှင်များ၊ CABI မှ CEO ဖြစ်သူ Dr. Daniel Elger ဦးဆောင်သည့် CABI ရုံးချုပ်မှ ပညာရှင်များ၊ တရုတ်၊ ကင်ညာ၊ ပါကစ္စတန်နှင့် မလေးရှားနိုင်ငံများရှိ CABI ရုံးခွဲများမှ ပညာရှင်များ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေး၌ သံရုံးယာယီတာဝန်ခံက ကြိုဆိုမိတ်ဆက်စကားပြောကြားရာတွင် မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်သည့်အပြင် မြန်မာပြည်သူများအားလုံးသည် နေ့စဉ်လူနေမှုဘဝအတွက် မြန်မာတောင်သူလယ်သမားများအပေါ် မှီခိုနေရပါကြောင်း၊ ပိုးမွှားနှင့် အပင်ရောဂါအပါအဝင် စိုက်ပျိုးရေးဆိုင်ရာစိန်ခေါ်မှုများကြောင့် မြန်မာတောင်သူလယ်သမားများ အခက်အခဲများ ကြုံတွေ့နေရလျက်ရှိရာ မိမိတို့မှ ကူညီဖြေရှင်းဆောင်ရွက်ပေးသွားရန် တာဝန်ရှိသည့်အတွက် မြန်မာသံရုံးအနေဖြင့် ဖြစ်နိုင်သမျှသော နည်းလမ်းများကို ရှာဖွေခဲ့ပါကြောင်း၊ မြန်မာတောင်သူလယ်သမားများအနေဖြင့် CABI မှ ရရှိမည့် နိုင်ငံတကာအဆင့်မီ စိုက်ပျိုးရေးနည်းပညာများအား အသုံးချနိုင်ပါက ၎င်းတို့၏ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည့်အပြင် မြန်မာပြည်သူများအားလုံးအတွက် စားနပ်ရိက္ခာလုံခြုံမှု (Food security) နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ရရှိစေမည်ဖြစ်ကြောင်း စသည်ဖြင့်ပါဝင်ခဲ့ပါသည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးကျော်ဆွေလင်းနှင့် CABI မှ CEO ဖြစ်သူ Dr. Daniel Elger တို့မှလည်း မိတ်ဆက်စကားများ အသီးသီးပြောကြားခဲ့ကြပါသည်။
အစည်းအဝေးတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ရှိသူများက တောင်သူလယ်သမားများ ကြုံတွေ့နေရသည့် သီးနှံဖျက်ပိုးနှင့် ရောဂါများ ကာကွယ် နှိမ်နင်းရေး၊ တောင်သူလယ်သမားများ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ လူ-အပင်-တိရစ္ဆာန် ကပ်ရောဂါကာကွယ်ရေး (One Health)၊ စိုက်ပျိုးရေးနည်းပညာဖြန့်ဝေရေး၊ စိုက်ပျိုးရေးထုတ်ကုန်များတွင် ဓါတုဓါတ်ကြွင်းများ ကျန်ရှိမှု ဖြေရှင်းရေးစသည့် ကဏ္ဍများအပါအဝင် မြန်မာနိုင်ငံစိုက်ပျိုးရေးကဏ္ဍအတွက် ဦးစားပေးလုပ်ငန်းများကို ဆွေးနွေးခဲ့ရာ CABI မှ ပညာရှင်များက ကဏ္ဍအလိုက် ၎င်းတို့ကူညီဖြေရှင်းဆောင်ရွက်ပေးနိုင်သည့် နည်းလမ်းများကို ပြန်လည်ဆွေးနွေးခဲ့ပါသည်။ အစည်းအဝေးတွင် တောင်သူလယ်သမားများအား အထောက်အကူပြုနိုင်ရန် စီမံကိန်းများ ရေးဆွဲဆောင်ရွက်သွားရေးအတွက်လည်း ဆွေးနွေးခဲ့ကြပြီး၊ နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ အချိန်နှင့်တစ်ပြေးညီ ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် မြန်မာ သံရုံး (လန်ဒန်မြို့)၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် CABI မှ ကိုယ်စားလှယ်များနှင့် ပညာရှင်များပါဝင်သည့် သုံးပွင့်ဆိုင် လုပ်ငန်းအဖွဲ့ (Tripartite Working Group- TWG) ကိုလည်း ဖွဲ့စည်းခဲ့ပါသည်။